ပြည်သူ့ဘဏ္ဍာ ၈၃ ဘီလီယံကျော် ခိုးယူခြစားသည့် စစ်အုပ်စုအရာရှိများနှင့် အပေါင်းအပါတို့ကို CDF-Hakha အမည်ပျက်စာရင်းသွင်း
ချင်းပြည်၊ ဟားခါးမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ယန္တရားတွေလည်ပတ်နိုင်ဖို့ အားပေးကူညီနေတဲ့အပြင် ၅ နှစ်တာကာလအတွင်း ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၈၃ ဘီလီယံကျော် ခိုးယူခြစားခဲ့တဲ့ စစ်အုပ်စုအရာရှိတွေ၊ ဝန်ကြီးဌာနတွေ၊ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီပေါင်း ၄၈၄ ခုကို CDF-Hakha Central Council က ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့ ဒုတိုင်းမှူး၊ ဗျူဟာမှူးတွေကအစ ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ တင်ဒါလုပ်ငန်းတွေရယူပြီး အဂတိလိုက်စားခဲ့ကာ လုပ်ငန်းဆောင်ရွက်မှု အမှန်တကယ်မရှိဘဲ စာရွက်စာတမ်းနဲ့ ဓာတ်ပုံအတုတွေအသုံးပြုပြီးနောက် ဘဏ်ဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ အကျင့်ပျက်ခြစားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
CDF-Hakha Central Council ရဲ့ ထုတ်ပြန်ထားချက်အရ စစ်အုပ်စုအရာရှိကြီးတွေအပါအဝင် သူတို့နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေ၊ စစ်အုပ်စုရဲ့ ဝန်ကြီးဌာန အသီးသီးရဲ့ အကျင့်ပျက်ခြစားထားမှုတွေဟာ ငွေကျပ် ၇ ဘီလီယံ (ကျပ်သန်းပေါင်း ၇,၄၇၇ သန်း) ကျပ် ရှိတာကိုတွေ့ရပါတယ်။
စစ်အုပ်စုအရာရှိရဲ့ ကုမ္ပဏီတွေက ခြစားမှုတွေမှာတော့ ဒုတိုင်းမှူးရဲ့ Golden Rone Taung ကုမ္ပဏီက ငွေကျပ်သန်းပေါင်း ၈၇၀ ကျော်၊ ဗျူဟာမှူး ဗိုလ်လင်းစိုးရဲ့ May Rone ကုမ္ပဏီ က ငွေကျပ်သန်းပေါင်း ၉၆၀ ကျော်၊ ဗိုလ်မှူး အာကာကျော်စိုးရဲ့ Hakha Chin Lay နဲ့ Shwe Kee Star ကုမ္ပဏီ က ငွေကျပ်သန်းပေါင်း ၈၈၀ ကျော် တို့ ဖြစ်ပြီး စုစုပေါင်း ငွေကျပ် ၃ ဘီလီယံနီးပါးအထိ ခိုးယူခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာတွေအနက် စည်ပင်ပြည်နယ်မှူးနဲ့ ဝန်ထမ်းတွေဟာ ၇ ဘီလီယံ (ကျပ်သန်းပေါင်း ၇,၄၇၇) ကျော်နဲ့ အများဆုံး ခြစားခဲ့ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ ဝန်ထမ်းတွေက ၂ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၂,၁၀၀.၄၂၀ သန်း) နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကျေးလက်ဝန်ထမ်းတွေက ၂ ဘီလီယံနီးပါး (ကျပ်သန်းပေါင်း ၁,၉၇၅.၄၃၉ သန်း) ကို လုပ်ငန်းဆောင်ရွက်မှု အမှန်တကယ်မရှိဘဲ ထုတ်ယူသုံးစွဲခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုတပ်တွေအပြင် ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေထဲမှာတော့ Pipping Pro & Neighborhood က ၂ ဘီလီယံနီးပါး (ငွေကျပ်သန်းပေါင်း ၁,၈၄၀ ကျော်)၊ Zoland Rose က ၁ ဘီလီယံကျော် (ငွေကျပ်သန်းပေါင်း ၁,၂၇၀ ကျော်) နဲ့ Grace Salient ကုမ္ပဏီ၊ Zo Tui Development Co. Ltd နဲ့ HKL တို့ က ၁ ဘီလီယံကျော် (ငွေကျပ်သန်းပေါင်း ၁,၀၀၀ ကျော်) စီနဲ့ အသီးသီး မတရားရယူထားကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တင်ဒါလုပ်ငန်းတွေ ရယူပြီး POWER CHIN STAR၊ Moe Kyaw Hein / SHWE KHAYAN Co., Ltd၊ ROYAL CHIN Co., Ltd ၊ Ko Sai / Power Hakha ၊ Lin Zone Phoihphyoyi ၊ Falam City စတဲ့ ကုမ္ပဏီတွေက ငွေကျပ်သန်းပေါင်း ၆၀၀ ကျော်ကနေ ၉၀၀ ကျော်အထိ အဂတိလိုက်စားထားတယ်လို့လည်း သိရပါတယ်။
အခုလို စစ်အုပ်စုရဲ့ အရိပ်ကိုခိုပြီး ပြည်သူ့ဘဏ္ဍာကို ဖျက်ဆီးနေတဲ့ အသင်းအဖွဲ့နဲ့ ပုဂ္ဂိုလ်တွေကို အမည်ပျက်စာရင်းသွင်းကာ တိုက်ခိုက်သွားမယ်လို့ CDF-Hakha က ဆိုပါတယ်။
အမည်ပျက်စာရင်း အသွင်းခံရသူတွေအနေနဲ့ ဒီကနေ့ကစပြီး ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းခြင်း မရှိဘူးဆိုရင် ဟားခါးမြို့နယ်အတွင်းက သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းယူမှာဖြစ်သလို၊ မြို့နယ်အတွင်း စီးပွားရှာတာနဲ့ သွားလာနေထိုင်ခွင့်တွေကိုပါ အပြီးအပိုင် ပိတ်ပင်သွားမယ်လို့ အသိပေးထားပါတယ်။
လက်ရှိမှာတော့ အမည်ပျက်စာရင်းမှာ မပါဝင်သေးတဲ့ တခြားသော လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေကိုလည်း အဂတိလိုက်စားမှု ရှိ၊ မရှိ CDF-Hakha က ဆက်လက်စုံစမ်းနေပြီး တွေ့ရှိရင် ပြည်သူလူထုထံ ထပ်မံချပြကာ ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CDF-Hakha
