ဒေါ်သက်သက်ခိုင်ကို ဖမ်းဆီးရခြင်းမှာ မင်းအောင်လှိုင်ထံ စာတင်ထားခြင်းအပြင် သံအမတ်များနှင့် တွေ့ဆုံပြီး ပြောကြားခဲ့မှုများကြောင့် ဖြစ်နိုင်ဟု ဆို


ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို သူ့ရဲ့နေအိမ်မှာရှိနေချိန် စစ်အုပ်စု တာဝန်ရှိသူတွေက မနေ့က ဇန်နဝါရီ ၁၃ ရက် ညပိုင်းမှာ လာရောက်ခေါ်ဆောင်သွားတယ်လို့ PPP ပါတီနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို အတည်ပြုပြောပါတယ်။

 

စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ဒေါ်သက်သက်ခိုင်နဲ့ တခြားသူတစ်ဦးကို ခေါ်ယူစစ်ဆေးမေးမြန်းဖို့အတွက် လာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူက အတည်ပြုပေမယ့် ဘယ်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးမေးမြန်းနေတာဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

 

“မနေ့ညက သူ့အိမ်မှာ လာခေါ်သွားတာ။ ဒါပေမယ့် ရင်းနှီးတဲ့ မိတ်ဆွေ ပါတီမှာရှိတဲ့သူတွေ မေးတာတော့ ခေါ်ယူမေးမြန်းတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်တဲ့။ ကိစ္စတစ်ခု၊ ဒါမှမဟုတ် ကိစ္စတစ်ခုထက်ပိုတဲ့ အကြောင်းအရာတွေ သိချင်လို့ “ဒါတွေ လုပ်ခဲ့လား၊ ဒါတွေ ပြောခဲ့လား ဒါ ဘယ်လိုရှိလဲ” ဆိုတာ ခေါ်ယူစစ်ဆေး မေးမြန်းတဲ့ သဘောပါ။ ဒေါ်သက်သက်ခိုင်နဲ့ နောက်တစ်ယောက်လို့ ပြောပါတယ်” လို့ PPP ပါတီနဲ့နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

PPP ပါတီခေါင်းဆောင် ဒေါ်သက်သက်ခိုင်ကို စစ်အုပ်စုဘက်က ဖမ်းဆီးခဲ့မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၄ ရက် ပြည်တွင်းမီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းချိန် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေရှိခဲ့တာကြောင့် အခုလို ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

 

ဒါပေမယ့် PPP ပါတီနဲ့နီးစပ်သူတစ်ဦးကတော့ ဒီဖြစ်စဉ်ထက် တခြားအကြောင်းအရာကိစ္စတွေကြောင့် ခေါ်ယူမေးမြန်းတာဖြစ်နိုင်ပြီး ဒေါ်သက်သက်ခိုင်အနေနဲ့ စစ်ခေါင်းဆောင်ဆီ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စာတင်ထားတာရှိသလို နိုင်ငံခြားသံရုံးတာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံမှုတွေလည်းရှိခဲ့တာကြောင့် အခုလို ခေါ်ယူမေးမြန်းတာမျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

“အဲဒီကိစ္စဆိုရင်တော့ အဲဒီကတည်းက မေးလိမ့်မယ်။ ဒီကြားထဲက တစ်ခုခု ပေါ်လို့ ဖြစ်လိမ့်မယ် ထင်တယ်။ ကိစ္စအဟောင်းတော့ မဟုတ်ဘူး ထင်တယ်။ ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ စာတင်ထားတာပေါ့နော်။ နောက်တစ်ခုကတော့ နိုင်ငံခြား သံရုံးနဲ့ တွေ့ထားတာ ရှိတယ်။ သံအမတ်လား၊ လက်ထောက်သံအမတ်လား အဲဒါ တစ်ခု ဖြစ်နိုင်တယ်၊ အဲဒီကိစ္စများ မေးတာလားတစ်ခုခုပေါ့” လို့ သူက ပြောပါတယ်။

 

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီ စာတင်ထားတာဟာ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် အကြံပြုစာ တင်ထားတဲ့သဘောမျိုးဖြစ်ပြီး တိုင်ကြားထားတဲ့စာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ လက်ရှိအချိန်ထိ ဒေါ်သက်သက်ခိုင် ပြန်လည်လွတ်မြောက်တာမျိုးတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

 

ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး CJ Platform က PPP ပါတီက ထုတ်ပြန်ထားတဲ့ ဆက်သွယ်မေးမြန်းနိုင်တဲ့ ဖုန်းနံပါတ် ၁၀ ခုထက် မနည်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တရားဝင် ပြန်လည် ဖြေကြားလာတာတော့ မရှိသေးပါဘူး။

 

ရန်ကုန်မြို့ရှိ ဒေါ်သက်သက်ခိုင် ရွှေဆိုင်များမှာလည်း ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး PPP ပါတီရဲ့ ပါတီရုံးခန်းတွေလည်း ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်အုပ်စုဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း နွေဦးတော်လှန်ရေးလို့ အမည်ကို အသုံးပြုကာ မဲဆွယ်စည်းရုံးခဲ့သူ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကိုလည်း ရွေးကောက်ပွဲဥပဒေတွေနဲ့ ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ထားပါတယ်။

 

ဓာတ်ပုံ – PPP