တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်မယ်ဆိုရင် NUG နဲ့ ပူးပေါင်းဖို့ အဆင်သင့်ရှိတယ်လို့ ဗိုလ်နဂါး ပြော
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးက CJ Platform ကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က BNRA ဂိတ်ငယ်တွေကို ဥပဒေစိုးမိုးရေးအတွက်ဆိုကာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက်မှာ ဗိုလ်နဂါးက အခုလို ပြောကြားလာတာပဲ ဖြစ်ပါတယ်။
“ဒီကိစ္စတွေကို ဥပဒေစိုးမိုးရေးသာ တကယ်ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့က ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ကျွန်တော်တို့လည်း ပူးပေါင်းဆောင်ရွက်မယ်၊ ကျွန်တော်တို့ အားနည်းချက်တွေ ရှိရင်လည်း ပြင်မှာပေါ့။ ဒါပေမဲ့ ဥပဒေဆိုတာထက် တရားဥပဒေစိုးမိုးရေးကို ပိုလိုလားတယ်” လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
ယင်းမာပင်ခရိုင်အတွင်း လူသတ်မှု၊ ဓားပြမှု၊ မူးယစ်ဆေးဝါးမှု စတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ အများအပြားရှိနေပြီး တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး NUG အနေနဲ့လုပ်ဆောင်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေ စီးနင်းခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း အနိုင်ကျင့်ခြင်းသာဖြစ်တယ်လို့ ဗိုလ်နဂါးက ဆိုပါတယ်။
“ဒီငါးနှစ်လုံး ကျွန်တော်တို့ မကောက်ဘဲနဲ့ ကျွန်တော်တို့ မလုပ်ပေမယ့် အခြားသူ ကောက်နေတာပဲလေ။ ဒီဟာကို မကောက်နဲ့လို့ ပြောတဲ့သူက သူတို့ ကောက်တဲ့ထဲကရော မျှဝေသုံးစွဲမှုရှိလို့လားပေါ့နော်၊ အဲဒီလိုလည်း မရှိဘူး။ မင်းတို့ မကောက်နဲ့ဆိုတာကျတော့ ဒါက အနိုင်ကျင့်တာ ဆန်သွားပြီ” လို့ သူက ဆက်ပြောပါတယ်။
တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ ပြည်သူလူထုလည်း အခက်အခဲတွေ ပိုမိုများပြားလာပြီး ကူညီပံ့ပိုးမှုလျော့နည်းလာသလို BNRA အပေါ် ဝေဖန်တိုက်ခိုက်မှုတွေကြောင့် ထောက်ပံ့မှု လျော့နည်းလာတာတွေလည်း ရှိနေတာကြောင့် အခုလို ဒေသတွင်း အခွန်ကောက်ခံတဲ့ဂိတ်တွေကို ဖွင့်လှစ်ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
BNRA အခွန်ကောက်ခံဂိတ်တွေကို NUG တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဒီအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာခရိုင်တာဝန်ရှိသူတွေ၊ NUG အစိုးရဌာန အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ BNRA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံတာမျိုးမရှိတာကြောင့် နှစ်ဖက်ဆွေးနွေးဖို့ အခက်အခဲရှိနေတယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။
ဥပဒေစိုးမိုးရေးကိုအကြောင်းပြပြီး BNRA ဂိတ်ငယ်တွေကို ဝင်ရောက်စီးနင်းတာကို လက်မခံသလို ဒေသတွင်း အကျိုးပြုလုပ်ငန်းတွေနဲ့ BNRA တပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေ ဖြည့်တင်းနိုင်ဖို့ အခုလို BNRA အခွန်ကောက်ခံတာကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်နောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့ကြား တင်းမာမှုတွေရှိနေချိန် တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUG အစိုးရအဖွဲ့နဲ့အတူ BNRA က တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့တောင်းဆိုလာရင် ပူးပေါင်းဆောင်ရွက်နိုင်မှုရှိ မရှိအခြေအနေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – BNRA
