ပေါင်မြို့နယ်မှာ ရွေးကောက်ပွဲမဲပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် ဖိအားပေးခြိမ်းခြောက်


မွန်ပြည်၊ ပေါင်မြို့နယ်မှာ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရွေးကောက်ပွဲ အပိုင်း ၂ မှာ မဲပေးဖို့ ခြိမ်းခြောက်ပြီး ဖိအားပေး မဲထည့်ခိုင်းခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

မဲပေးမပေးကို စောင့်ကြည့်နေမယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် တစ်မိသားစုလုံး မဲပေးခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မင်းကိုစောင့်ကြည့်နေမယ်ဆိုပြီးပြောတယ်။ မဆော့ချင်တဲ့ ဂိမ်း မပေးချင်တဲ့မဲပေးခဲ့ရတယ်။ အရင်ကလောက်လူမများဘူး” လို့ သူကပြောပါတယ်။

 

ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပချိန်မှာ မဲပေးသူနည်းပါးတာကြောင့် အပိုင်း ၂ ကျင်းပချိန်မှာ အခုလို ခြိမ်းခြောက်မှုတွေရှိလာတာဖြစ်တယ်လို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

 

ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ အထူးသဖြင့် နိုင်ငံကျဉ်းဟောင်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဆက်နွှယ်ဖူးသူတွေကို အဓိက ဖိအားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီးကျင်းပနေပြီး ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့က မြို့နယ် ၁၀၀ မှာ ကျင်းပခဲ့ကာ ပေါင်မြို့နယ်အပါအဝင် မွန်ပြည်နယ်က ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ ဘီးလင်းစတဲ့ ၅ မြို့နယ် ပါဝင်ခဲ့ပါတယ်။

 

ရွေးကောက်ပွဲ အပိုင်း ၃ ကိုလည်း မြို့နယ် ၆၃ မြို့နယ်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ်ရှိနေပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေး အင်အားစုတွေက ဆန့်ကျင် ရှုတ်ချကြောင်း အသီးသီးကြေညာထားပါတယ်။

 

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်အုပ်စုကျင်းပနေတဲ့ ရွေးကောက်ပွဲကို တရားမျှတမှု ရှိ မရှိ စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

 

ဓာတ်ပုံ – Pro-SAC

ပုံစာ – မွန်ပြည်အတွင်းရှိ မဲရုံတစ်ရုံကို မြင်ရပုံ