ကန်ရပ်ကြီးရွာက နေအိမ် ၁၆၀ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ အဖွားအိုတစ်ဦး သွေးလန့်ဆုံးပါးခဲ့

Author CJ Platform
Categories
Published on Jan 09, 2026

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မဒေသ၊ ကန်တော်အုပ်စု၊ ကန်ရပ်ကြီးကျေးရွာကို မနေ့က ဇန်နဝါရီ ၈ ရက်နေ့မှာ စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးမှုတွေလုပ်ဆောင်ခဲ့တာကြောင့် နေအိမ် ၁၆၀ကျော် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ပခုက္ကူမြို့ အခြေစိုက်တပ်မ ၁၀၁ ကနေ မြို့နယ်အတွင်း စစ်ကြောင်းလှည့်လည်နေတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းဟာ ကန်ရပ်ကြီးကျေးရွာကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သိရတယ်။

“ရွာကိုမီးရှို့တာက တစ်ရွာလုံးနှံ့အောင်လို့ တစ်ရွာလုံးပတ်ပြီး လိုက်ရှို့ပါတယ်” လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

ကန်ရပ်ကြီးကျေးရွာအတွင်းမှာ စစ်အုပ်စုမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၆၅ လုံးဝန်းကျင် ပျက်စီးခဲ့ရပြီး မီးရှို့မှုကြောင့် သက်ကြီးရွယ်အိုအဘွားတစ်ဦး သွေးလန့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ကန်ရပ်ကြီး ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ကြရပြီး လက်ရှိမှာ မြိုင်နယ်နဲ့ ကမ္မဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်ကူညီဆောင်ရွက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

 

ကန်ရပ်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းဟာ မနေ့က ဇန်နဝါရီ ၈ ရက်နေ့ ညနေပိုင်းမှာ ညောင်ဂျစ်ပင်ပျူရွာကတစ်ဆင့် ကမ္မမြို့အတွင်းကို ဝင်ရောက်ခဲ့တယ်လို့သိရပြီး ဒီကနေ့ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာ ကမ္မမြို့ပေါ်နဲ့ မြို့ဝန်းကျင်ကျေးရွာတွေမှာ ဆက်လက်မီးရှို့ဖျက်ဆီးနေတာကြောင့် စစ်ကြောင်းအန္တရာယ်သတိပြုနိုင်ဖို့ တော်လှန်ရေးတပ်တွေက အသိပေးထားကြပါတယ်။

 

စစ်အုပ်စုရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ဇန်နဝါရီ ၈ ရက်နေ့အတွင်း ပခုက္ကူမြို့နယ်၊ ကမ္မဒေသအတွင်းရှိ ကျေးရွာ ၂၅ ရွာက ဒေသခံနေအိမ် ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

 

ဓာတ်ပုံ – ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု