ဗိုလ်နဂါးရဲ့ BNRA ဂိတ်တွေကို NUG တပ်ဖွဲ့တွေ စီးနင်းမှုဟာ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ဦးနေဘုန်းလတ်ပြော

Author CJ Platform
Categories
Published on Jan 09, 2026

ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ရဲ့ စစ်ဆေးရေး ဂိတ်စခန်းနှစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းဖြစ်စဉ်အပေါ် CJ Platform က NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းရာမှာ NUG ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအုပ်ချုပ်ရေးဆောင်ရွက်မှုတွေမှာ အနှောင့်အယှက်ဖြစ်စေတာမျိုးတွေ ဖြစ်ပေါ်လာရင် အရေးယူဆောင်ရွက်မှုတွေ ရှိလာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ရဲ့ ဂိတ်စခန်းနှစ်ခုကို NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် CJ Platform က NUG တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းချိန်မှာ ဦးနေဘုန်းလတ်က ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

 

“NUG က အစိုးရတစ်ရပ်အနေနဲ့ နယ်မြေအုပ်ချုပ်ရေး ဆောင်ရွက်မှုတွေ၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုတွေကို အနှောင့်အယှက်ဖြစ်စေတာမျိုးရှိရင်တော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေရှိနိုင်ပါတယ်။ မြေပြင်အခြေအနေအသေးစိတ်တွေတော့ မသိထားသေးပါဘူး” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

ပုလဲမြို့နယ်ထဲမှာရှိတဲ့ BNRA တပ်ဖွဲ့ကို NUG လက်အောက်ခံတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ BNRA က မနေ့က ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်လာပြီးနောက် ဒီနေ့မနက်ပိုင်းမှာ BNRA ဂိတ်စခန်းနှစ်ခုကို NUG MOD လက်အောက်ခံတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းထွက်ပေါ်လာတာပါ။

 

BNRA တပ်ဖွဲ့အနေနဲ့ ပုလဲမြို့နယ်အတွင်း ဂိတ်တွေဖွင့်ပြီး အခွန်ငွေကောက်ခံနေတာကို ဒေသခံပြည်သူတွေ ကျေနပ်မှုမရှိသလို ဒီလိုဂိတ်ဖွင့်ပြီး အခွန်ငွေကောက်ခံနေတာဟာ တရားဝင်မှုမရှိဘူးလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး BNRA ခေါင်းဆောင် ဗိုလ်နဂါးနဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတွေကို CJ Platform က ဆက်သွယ်မေးမြန်းထားပေမယ့် အခုသတင်းဖော်ပြချိန်အထိ ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း BNRA စခန်းတစ်ခုကို NUG ခရိုင်တပ်ရင်းတွေက လာရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် အဲဒီတပ်ရင်းက ခရိုင်တပ်ရင်းမှူးနဲ့ စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေကို BNRA က ဖမ်းဆီးနိုင်ခဲ့ပြီး တပ်ပြန်ဆုတ်ဖို့ ဖိအားပေးကာ ဖြေရှင်းခဲ့ရတယ်လို့လည်း မနေ့က ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – BNRA