ဒကစစစ်ဌာနချုပ်ကာကင်းစခန်းတွေနဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးမှာ AA နဲ့ စစ်အုပ်စုတို့ တိုက်ပွဲပြင်းထန်နေ

Author CJ Platform
Categories
Published on Jan 08, 2026

ရခိုင်ပြည်၊ စစ်တွေမြို့ အခြေစိုက် စစ်အုပ်စု ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကာကင်းစခန်းတွေနဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ စစ်တွေဒေသခံတစ်ဦးထံက သိရပါတယ်။

 

စစ်အုပ်စု ဒကစစစ်ဌာနချုပ်ရဲ့ ကာကင်းစခန်းတွေရှိတဲ့ တောကံရွာနဲ့ ကြံတောရွာနေရာတွေကို AA တပ်တော်က အခု ဇန်နဝါရီလဆန်းပိုင်းကတည်းက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ရွှေမင်းဂံရေတပ်စခန်းကိုလည်း AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

“ဒီနေ့မနက် ၁၀ နာရီခွဲအထိ လက်နက်ကြီးသံတွေ ကြားနေရတာ။ နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ၊ ပြီးတော့ နေ့တိုင်းနီးပါး စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်တာ ရှိတယ်။ ဒီမနက်လည်း လေယာဉ်ဝဲနေတယ်၊ ရွှေမင်းဂံရေတပ်စခန်းဘက်ကိုလည်း AA က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်” လို့ စစ်တွေမြို့ ဒေသခံက CJ Platform ကို ပြောပါတယ်။

 

AA တပ်တော်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့ ရွှေမင်းဂံရေတပ်စခန်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ အခိုင်အမာအထိုင်ချတပ်စွဲထားသလို ကမ်းရိုးတန်းသွားစစ်သင်္ဘောတွေ ရှိနေတယ်လို့ သိရပါတယ်။

 

စစ်တွေမြို့အနီး တိုက်ပွဲပြင်းထန်နေချိန် စစ်အုပ်စုက ဒရုန်းအသုံးပြုကာ ညပိုင်းတွေမှာ ကင်းထောက်စောင့်ကြည့်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေပြီး ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေငူကျွန်း၊ ရသေ့တောင် စတဲ့နေရာတွေကိုလည်း လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ရှိနေတယ်လို့ စစ်တွေဒေသခံက ပြောပါတယ်။

 

ဒါ့အပြင် AA တပ်တော် ထိုးစစ်ဆင်နေတဲ့ ဒကစစစ်ဌာနချုပ်အောက်မှာ အမှတ် ၃၅၄၊ အမှတ် ၂၇၀ ခြေမြန်တပ်ရင်း (ခမရ) နဲ့ အမှတ် ၂၀၊ အမှတ် ၂၃၂၊ အမှတ် ၃၄၄ ခြေလျင်တပ်ရင်း (ခလရ) တို့လည်းရှိနေပြီး ဒီတပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

 

လက်ရှိစစ်အုပ်စု ထိန်းချုပ်ထားတဲ့ မာန်အောင်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့ထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့ကို AA တပ်တော်က အခု ဇန်နဝါရီလဆန်းပိုင်းမှာ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်လာချိန် စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုတွေလည်း ရှိနေပါတယ်။

 

ဓာတ်ပုံ – AA

ပုံစာ – စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို AA တပ်ဖွဲ့ဝင်များ သိမ်းပိုက်ပြီးနောက် မြင်ရပုံ (ပုံဟောင်း)