ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကို စစ်အုပ်စုက ထောင်တစ်နှစ်ချ
ပြည်သူ့ပါတီ (PP) က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စုလက်အောက်ခံ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်တယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ထွေးထံက သိရပါတယ်။
ဦးလွင်မြင့်ကို စစ်အုပ်စုက ရွေးကောက်ပွဲဥပဒေနဲ့ထောင်ဒဏ်ချမှတ်လိုက်တာဟာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရသူတစ်ဦးလည်း ဖြစ်လာပါတယ်။
“အလုပ်နဲ့ထောင်ဒဏ်တစ်နှစ်ပေါ့နော်။ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ) အရ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်ဆိုပြီး ချလိုက်ပါတယ်။ ကျွန်တော်တို့ အယူခံဆက်ဝင်သွားဖို့ရှိပါတယ်” လို့ ဦးကျော်ကျော်ထွေးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲကို ဦးလွင်မြင့်က သင်္ဃန်းကျွန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲမဲဆွယ်ကာလ မဲဆွယ်စည်းရုံးချိန် နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ ပြောဆိုသုံးနှုန်းမှုတွေကြောင့် စစ်အုပ်စု ပြည်ထဲရေးဝန်ကြီးဌာနက ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ခဲ့တာပါ။
ဦးလွင်မြင့်ကို အမှုဖွင့်ထားတဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၅၈(ဂ) ဟာ “နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း” လို့ ဖော်ပြထားပြီး ဒီဥပဒေပုဒ်မကို ကျူးလွန်ဖောက်ဖျက်ရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုက သူတို့ကျင်းပတဲ့ ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်သူ၊ ဆန့်ကျင်ဝေဖန်သူတွေကိုလည်း အမှုဖွင့် အရေးယူဖမ်းဆီးမှုတွေရှိနေပြီး ၂၀၂၅ စက်တင်ဘာလကနေ ၂၀၂၆ ဇန်နဝါရီ ၅ ရက်နေ့အထိ အမှုဖွင့်အရေးယူခံထားရသူ ၃၃၅ ဦးအထိရှိတယ်လို့ စစ်အုပ်စုက ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
