စီမံကိန်းတွေကို ဆန့်ကျင်ကန့်ကွက်ပါက ဖမ်းဆီးအရေးယူမယ်လို့ စစ်အုပ်စုထုတ်ပြန်ချက်ဟာ မြစ်ဆုံကို အဓိက ရည်ရွယ်နေတယ်လို့ ဆို

Author CJ Platform
Categories
Published on Dec 20, 2025

စစ်အုပ်စုက သူတို့ခွင့်ပြုထားတဲ့ ကုမ္ပဏီ၊ လုပ်ငန်း၊ စီမံကိန်းတွေကို အထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ ကန့်ကွက်ပါက ကန့်ကွက်သူလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီတို့က ခွင့်ပြုထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းဆိုင်ရာ စတဲ့လုပ်ငန်းတွေ၊ အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့်ကွက်ပါက အရေးယူမယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး (ကာ/လုံ) အမှုဆောင်ချုပ် အောင်လင်းဒွေးက လက်မှတ်ရေးထိုးထုတ်ပြန်ထားတာပါ။

ဒီလို အထောက်အထားခိုင်ခိုင်လုံလုံမရှိဘဲ ကန့်ကွက်မှုတွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအနေနဲ့လည်း ထည့်သွင်းစဉ်းစားဖို့မလိုဘဲ ဆိုင်းငံ့ထားတာမျိုးမလုပ်ဘဲ ဆက်လက်လုပ်ဆောင်နိုင်တယ်လို့လည်း စစ်အုပ်စုက သူတို့ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်း ပြည်သူအများအပြားနဲ့ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ကန့်ကွက်မှုတွေကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တန့်ခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်အုပ်စုက ပြန်လည်စတင်နိုင်ဖို့ ပြင်ဆင်လာချိန် စစ်အုပ်စုက အခုလို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

 

ဒါဟာ စစ်တပ်က သူတို့အာဏာသိမ်းယူထားချိန် သူတို့နဲ့ပတ်သက်တဲ့ စီမံကိန်း လုပ်ကိုင်ခွင့်တွေကို တိုင်ကြားတာ၊ ကန့်ကွက်တာ တားမြစ်တာတွေ မလုပ်ဆောင်နိုင်အောင် စာနဲ့ထုတ်ပြီး ခြိမ်းခြောက်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက CJ Platform ကို ပြောပါတယ်။

 

“ဒါက သူတို့အနေနဲ့ လက်နက်နဲ့ အာဏာသိမ်းထားတဲ့အချိန်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ချင်တာလုပ်ဖို့၊ ကုမ္ပဏီတွေကို လုပ်ငန်းတွေချပေးတာတွေ၊ မြေကွက်တွေ ချပေးတာတွေ၊ စီမံကိန်းတွေလုပ်တာတွေနဲ့ပတ်သက်ပြီး အရင် တရားဝင်အစိုးရအဆက်ဆက်က အကြောင်းအရာတွေအရ ပြန်ပြီးတော့ ကန့်ကွက်တာ၊ တားမြစ်တာတွေ၊ စာတင်တာတွေ၊ တိုင်ကြားတာတွေ အဓိကဆိုင်လိမ့်မယ်လို့ ထင်တယ်” လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

 

စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့အတွက် “ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့” ကို ဖွဲ့စည်းကြောင်း စစ်အုပ်စုက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့ပြီး အခု ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကလည်း ကချင်ပြည် ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြန်လည်စတင်နိုင်ဖို့ ပြောဆိုခဲ့ပါသေးတယ်။

 

စစ်အုပ်စုက အခုလို အမိန့်ကြော်ငြာစာ ထုတ်ပြန်လာတာဟာ မြစ်ဆုံစီမံကိန်းအပါအဝင် တခြားစီမံကိန်းတွေကို ခွင့်ပြုအကောင်အထည်ဖော်လာပါက လူထုလှုပ်ရှားမှု ကမ်ပိန်းတွေလုပ်လာမှာကို စိုးရိမ်နေတဲ့သဘောမျိုးဖြစ်ပြီး ပြည်သူကို ကြိုတင်ခြိမ်းခြောက်တဲ့သဘောမျိုးဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် ပြောခွင့်ရ ဦးနေဘုန်းလတ်ကလည်း ပြောပါတယ်။

 

“မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့ ကမ်ပိန်းတွေ၊ လှုပ်ရှားမှုမျိုးတွေ လုပ်လာမှာကို စိုးရိမ်တဲ့ သဘောမျိုးဖြစ်တယ်။ လူထုကိုလှမ်းပြီး ခြိမ်းခြောက်တာပါပဲ။ မြစ်ဆုံကို ငါတို့လုပ်ချင်တာလုပ်မယ်။ ဘယ်ကောင်မှ မကန့်ကွက်နဲ့။ ကန့်ကွက်တဲ့သူတွေအကုန်လုံးကို အရေးယူမယ်ဆိုတဲ့ပုံစံမျိုးလို့ မြင်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

မြစ်ဆုံဆည်စီမံကိန်းအပါအဝင် စစ်အုပ်စုက သူတို့ခွင့်ပြုပေးထားတဲ့ အခြားစီမံကိန်း၊ ကုမ္ပဏီ၊ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အထောက်အထားခိုင်ခိုင်လုံလုံမရှိ၊ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့်ကွက်နေတာဟာ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေတယ်လို့ ပြောဆိုထားပြီး မတရားအကျိုးအမြတ်တစ်စုံတစ်ရာရယူဖို့နဲ့ လုပ်ငန်းအနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်နေကြတာဖြစ်တယ်လို့ စစ်အုပ်စုက ပြောဆိုထားပါသေးတယ်။

 

ဓာတ်ပုံ – KBC Kachin

ပုံစာ – ကချင်ပြည် မြစ်ကြီးနားမြို့မှာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေကြပုံ (ပုံဟောင်း)