NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းကို ဖမ်းဆီးထားတာမျိုးမရှိဘူးလို့ PNO/PNA ပြော
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စစ်ရေးပိုင်းဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကွန်မင်းကို ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ချုပ် (PNO/PNA) က ဖမ်းဆီးထားတာမျိုး မရှိဘူးလို့ PNA တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး ခွန်သန်းကြွယ်က CJ Platform ကို ပြောပါတယ်။
NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (MOHAI) အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းဟာ ခရီးသွားနေချိန် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က ရှမ်းပြည် တစ်နေရာမှာပျောက်ဆုံးသွားတာဖြစ်ပြီး ဒီနေ့အထိ သူနဲ့အဆက်အသွယ်မရရှိသေးဘူးလို့ NUG တာဝန်ရှိသူတွေကလည်း ပြောပါတယ်။
ဦးကွန်မင်း ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ဖမ်းဆီးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ PNO/PNA ဘက်က တာဝန်ရှိသူတွေကို CJ Platform က ဆက်သွယ်မေးမြန်းချိန် သူတို့ ဖမ်းဆီးထားတာမျိုးမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
“မဖမ်းထားပါဘူးနော်။ တချို့တွေကလည်း သတင်းတွေလျှောက်ဖွနေတာ။ ကျွန်တော်တို့က NUG က အတွင်းဝန်ကို တစ်ခါမှလည်း မမြင်ဖူးဘူး။ ကျွန်တော်တို့ ကြားတာကတော့ ရှမ်းမြောက်ဘက်လိုလို၊ ထိုင်းနယ်စပ်လိုလို အဲသလိုတော့ ကြားတာရှိတယ်” လို့ PNA ဒုဗိုလ်မှူးကြီး ခွန်သန်းကြွယ်က ပြောပါတယ်။
NUG စစ်ရေးလှုပ်ရှားမှုတွေမှာ အရေးပါတဲ့ ဦးကွန်မင်းဟာ အနေအထိုင် သိုသိပ်သူတစ်ဦးဖြစ်ပြီး လူမြင်ကွင်းထွက်လေ့နည်းသလို နီးစပ်သူတွေကလွဲပြီး လူသိနည်းသူတစ်ဦးလည်းဖြစ်တယ်လို့ ဦးကွန်မင်းနဲ့ နီးစပ်သူတွေကလည်း CJ Platform ကို ပြောပါတယ်။
ဦးကွန်မင်းအပါအဝင် ရဲဘော် ၃ ဦး ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး NUG ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုးမရှိသေးပေမဲ့ MOHAI က ပေါက်ကြားလာတဲ့စာအရ “လုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေ” တပ်လှန့်ထားပြီး ဦးကွန်မင်းကိုလည်း တာဝန်ကနေ ယာယီရပ်ဆိုင်းထားကာ သူနဲ့ဆက်သွယ်ထားမှုတွေကိုလည်း ဖြတ်တောက်ထားဖို့ အသိပေးဖော်ပြထားပါတယ်။
ဓာတ်ပုံ – NUG MOD
