စစ်အုပ်စုရွေးကောက်ပွဲမှာ မဲစာရင်းအချက်အလက်တွေ အမှားအယွင်းရှိနေတယ်လို့ PNO ဝေဖန်
စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းအချက်အလက်တွေ ကောက်ယူတာမှာ မဲစာရင်းအချက်အလက်မှားယွင်းမှုတွေ ဖြစ်နေတာဟာ ရွေးကောက်ပွဲရလဒ်အပေါ် ထိခိုက်စေနိုင်ပြီး မမျှတမှုတွေ ဖြစ်စေနိုင်တယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ စောခွန်ကျော်ဝင်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကောက်ယူတာမှာ စစ်အုပ်စု လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က ကောက်ယူထားတဲ့ ကျေးရွာအရေအတွက်စာရင်းဟာ မြေပြင်မှာကောက်ယူ ရရှိထားတဲ့ အချက်အလက်စာရင်းထက် နည်းနေသလို မဲစာရင်းထုတ်ပြန်ရာမှာလည်း အချက်အလက်မှားယွင်းမှုတွေ ရှိနေတယ်လို့ စောခွန်ကျော်ဝင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေဖန်ထားတာပါ။
“ကျေးရွာအုပ်စုတစ်စုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အတည်ပြုပေးထားသောကျေးရွာ ၂၂ ရွာရှိသော်လည်း လဝက စာရင်းတွင် ကျေးရွာ ၁၃ ရွာသာရှိနေပြီး ကျန်ရွာများမှ လူစာရင်းပျောက်ဆုံးနေပြီး အချို့မှာ လူစာရင်းရှိသော်လည်း အခြားကျေးရွာအုပ်စုတွင်ပါဝင်နေခြင်း” လို့ စောခွန်ကျော်ဝင်းက ရေးသားထားပါတယ်။
ဒါ့အပြင် မဲဆန္ဒရှင်ထုတ်ပြန်ရာမှာလည်း အချို့မဲဆန္ဒရှင်တွေဟာ ပထမအကြိမ် မဲစာရင်းတွင်ပါဝင်ပေမဲ့ ဒုတိယအကြိမ် ထုတ်ပြန်တဲ့မဲစာရင်းမှာ ပါဝင်တာမျိုးမရှိသလို အချို့ဟာ အခြားရပ်ကွက်၊ ကျေးရွာတွေမှာ လွဲမှားပါဝင်နေတာမျိုးလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။
ဒီလိုမှားယွင်းမှုတွေဟာ ရွေးကောက်ပွဲရလဒ်အပေါ် သံသယဖြစ်ဖွယ် မမျှတမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပြီး မဲစာရင်းအချက်အလက် မှားယွင်းမှုတွေဟာ ရွေးကောက်ပွဲအပေါ် ယုံကြည်စိတ်ချရမှုကို အားနည်းထိခိုက်စေနိုင်တယ်လို့ စောခွန်ကျော်ဝင်းက ဝေဖန်ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း အမှတ် ၆ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်းမှာရှိနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ စစ်တပ်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတဲ့အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေချိန် ရွေးကောက်ပွဲ မဲစာရင်းအချက်အလက်တွေအပေါ် အခုလို ဝေဖန်လာတာလည်း ဖြစ်ပါတယ်။
PNO ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားတဲ့ “တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာမည်လား” ဆိုတဲ့ ဝေဖန်သုံးသပ်ချက်ထဲမှာပါဝင်တဲ့ မဲစာရင်းအချက်အလက်မှားယွင်းမှုအခြေအနေတွေနဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားမှတ်ချက်ရယူဖို့အတွက် CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ထောက်ခံခဲ့ချိန် ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုနဲ့ မဲမသမာမှု၊ တရားမျှတမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က အခု သူတို့ကျင်းပမယ့် ရွေးကောက်ပွဲမဲစာရင်းနဲ့ပတ်သက်ပြီး ရာနှုန်းပြည့်မှန်ကန်နိုင်မှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းနဲ့ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အခု ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံချိန် ပြောဆိုခဲ့ပါသေးတယ်။
ရွေးကောက်ပွဲမတရားမှုကြောင့် အာဏာရယူခဲ့ပြီး ရွေးကောက်ပွဲမဲစာရင်း မှားယွင်းမှုတွေကို အောက်ခြေအထိ မှန်ကန်အောင် မစီမံ မဆောင်ရွက်နိုင်ပါက တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အပေါ် ပြည်သူတွေရဲ့ မယုံကြည်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စောခွန်ကျော်ဝင်းက ဆက်လက်ဝေဖန်ပြောဆိုထားပါသေးတယ်။
ဓာတ်ပုံ – Saw Khun Kyaw Win Facebook
