စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ လျှောက်ထားတဲ့ ပြည်ပမဲဆန္ဒရှင် အရေအတွက် ၉၅ ရာခိုင်နှုန်းကျော် ကျဆင်း


စစ်အုပ်စုက မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြိုတင် မဲဆန္ဒပေးဖို့ လျှောက်ထားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား ၅၄၀၀ ကျော်ရှိတယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က အခုရက်ပိုင်းမှာ ဒေသတွင်း မီဒီယာတစ်ခုကို ထုတ်ပြောလာပါတယ်။

 

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေအရ ဒီအရေအတွက်ဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ သံရုံးအသီးသီးမှာ တိုးဝှေ့တန်းစီပြီး ကြိုတင်မဲပေးခဲ့ကြတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကာလက အရေအတွက် ၁ သိန်း ၉ ထောင်ကျော်နဲ့ ယှဉ်ရင် ၉၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကြိုတင် မဲဆန္ဒပေးသူ အရေအတွက်ဟာလည်း ကွာဟလွန်းနေပြီး ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် မြန်မာနိုင်ငံသား ၄ ဒသမ ၁ သန်းခန့် နေထိုင်ရာ ထိုင်းနိုင်ငံမှာပင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲလာပေးသူဟာ ဆယ်ဂဏန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။

 

“ဒါဟာ အတုအယောင် ရွေးကောက်ပွဲဆိုတာ မြန်မာနိုင်ငံသားတိုင်း သိပါတယ်။ ဒီလို ရွေးကောက်ပွဲကို မဲထည့်ဖို့ မလိုသလို အသိအမှတ်လည်း မပြုပါဘူး။ ဒါကြောင့် ကြိုတင်မဲ မထည့်တာပါ” လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အလားတူ တောင်ကိုရီးယားမှာလည်း ဆိုးလ်မြို့က စစ်အုပ်စုရဲ့ သံရုံးမှာ မဲရုံဖွင့်ထားခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာ မဲလာပေးသူ မရှိတဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်ထိ ထပ်မံသက်တမ်း တိုးခဲ့ရတယ်လို့ သိရပါတယ်။ တော်လှန်ရေး အင်အားစုတွေက ဆိုးလ်မြို့ စစ်အုပ်စုသံရုံးကို သွားရာလမ်းတစ်လျှောက်မှာ စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

စစ်အုပ်စုကတော့ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး စတဲ့ ရုံးပေါင်း ၅၀ တို့မှာ သတ်မှတ်ရက်အလိုက် မဲရုံတွေ ဖွင့်လှစ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

“မအလ (မင်းအောင်လှိုင်) ကို မကြိုက်လို့ ပေးဖို့ မစဉ်းစားဘူး” လို့ ပြည်ပရောက် မြန်မာနိုင်ငံသား တစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။

 

မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဒီဇင်ဘာ ၈ ရက်နေ့ထိ မဲရုံ ၄၁ ရုံတို့မှာ ကြိုတင် မဲပေးတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးစီးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပေမယ့် မဲလာပေးသူ အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကြိုတင်မဲ အရေအတွက်တွေကို နောက်ဆုံးပေးဖို့နဲ့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်တွေက ရေတွက်ပြီးမှ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။

 

စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၁ ကို အခုလ ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့နဲ့ တတိယပိုင်းကို ၂ ပတ်အကြာမှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

 

ဓာတ်ပုံ – pro-SAC

ပုံစာ – ဩစတြေးလျနိုင်ငံရှိ သံရုံးတစ်ခုတွင် ကြိုတင်မဲပေးနေပုံ

 

 

Related News

Depend on news