ကျေးရွာ ပလဖ ခေါင်းဆောင်ရဲ့ မုဒိမ်းမှုဖြစ်စဉ်မှာ နစ်နာသူ အမျိုးသမီးကို မဘသဥပဒေလို့ နာမည်ကြီးတဲ့ မျိုးစောင့်ဥပဒေနဲ့ ဖမ်းဆီးထား
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာမှာ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ကျေးရွာလုံခြုံရေး (ပလဖ) တပ်ဖွဲ့ဝင်တစ်ဦးက အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမှုမှာ နစ်နာသူ အမျိုးသမီးကို မျိုးစောင့်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
မုဒိမ်းမှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူ မြောက်ချွန်းကျေးရွာ ပလဖ တပ်ဖွဲ့ခေါင်းဆောင် ဦးအိုက်နိုင်းကို နစ်နာသူ မိသားစုဝင်တွေက အဆင့်ဆင့် တိုင်ကြားတာတွေ လုပ်ဆောင်ခဲ့ပြီး ငွေကြေးအရ ညှိနှိုင်းမှုတွေ ကြုံတွေ့ခဲ့ရပြီးနောက် တရားမျှတပြီး ဥပဒေအရ ဆောင်ရွက်စေရေးအတွက် မင်းကင်းမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံ တောင်းဆိုချိန်မှာ မင်းကင်းမြို့နယ် ပလဖက နစ်နာသူ အမျိုးသမီးကို အောက်တိုဘာ ၁၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“မြောက်ချွန်းရွာက ပလဖ မုဒိမ်းမှုက မိန်းကလေးကို မျိုးစောင့်ဥပဒေနဲ့ ဖမ်းဆီးထားတယ်ဗျာ၊ အလိုတူအလိုပါပေါ့ သူတို့ ဖမ်းဆီးမှုက” လို့ မြောက်ချွန်းကျေးရွာက အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက နစ်နာသူ အမျိုးသမီး မဖြူ (အမည်လွှဲ) နဲ့ ခင်ပွန်းဖြစ်သူ ကိုနီ (အမည်လွှဲ) တို့ စကားများရန်ဖြစ်ရာ မြောက်ချွန်းကျေးရွာ ပလဖက ကိုနီ (အမည်လွှဲ) ကို ဖမ်းဆီးသွားပြီး ထိပ်တုံးခတ်ကာ ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မြောက်ချွန်းကျေးရွာ ပလဖ ခေါင်းဆောင် ဦးအိုက်နိုင်း (ခ) ကိုသိန်းတန်က သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိုနီ (အမည်လွှဲ) နှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟုဆိုကာ မဖြူ (အမည်လွှဲ) ကို လာရောက်ခေါ်ဆောင်ပြီး ပလဖရုံးကို ခေါ်ဆောင်မသွားဘဲ တောတွင်းတစ်နေရာမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ အမှုအတွက် နစ်နာသူ မိသားစုက ကျေးရွာ ပလဖကို တိုင်ကြားခဲ့သလို စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျေးရွာအတွင်း အမှုမှန် ဖော်ထုတ်ရေးအတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
အဲဒီဆန္ဒပြတဲ့နေ့ ညနေပိုင်းမှာ ကျေးရွာ ပလဖ၊ ပအဖ၊ ပကဖ အဖွဲ့က ဦးအိုက်နိုင်းကို ခေါ်ယူစစ်ဆေးခဲ့သလို၊ အဲဒီနောက် ရွာသစ်ကုန်းတိုက်နယ် ပလဖရုံးမှာပါ ခေါ်ယူစစ်ဆေးရာမှာ ဦးအိုက်နိုင်းက သူ ကျူးလွန်ခဲ့မှုကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ အမှုဖြစ်စဉ်ကိုလည်း ပိုက်ဆံပေးကာ ကြေအေးစေရေး ဦးအိုက်နိုင်းက ညှိနှိုင်းရာ နစ်နာသူ မိသားစုက ဥပဒေအရသာ အရေးယူ ဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
“၁၀ သိန်းနဲ့ လျော်ကြေးဖြတ်တာလေ၊ သူတို့အဖွဲ့ထဲကမို့ ဘာမှလုပ်လို့မရဘူးလို့ ပြောတယ်၊ အောက်ဘက်လွှဲလည်း လုပ်မပေးဘူး၊ လျော်ကြေးလည်း ရမှာ မဟုတ်ဘူးလို့ ပြောတယ်။ ၁၀ သိန်းနဲ့ မရရင် သိန်း ၂၀ ပေးမယ်လို့ ပြောတာ” လို့ ရွာသစ်ကုန်း တိုက်နယ် ပကဖ ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
နစ်နာသူရဲ့ မိသားစုဝင်တွေက တိုက်နယ် တာဝန်ရှိသူတွေရဲ့ ငွေကြေးရယူကာ ကြေအေးစေရေး ဆုံးဖြတ်ချက်ကို လက်မခံဘဲ တရားဥပဒေအတိုင်း အရေးယူပေးစေရေးအတွက် မြို့နယ် တာဝန်ရှိသူတွေကို သွားရောက်ဆုံတွေ့ခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ မင်းကင်းမြို့နယ် ပလဖ တာဝန်ရှိသူ ရဲမှူး ဦးနိုင်ဝင်းက နစ်နာသူ မဖြူ (အမည်လွှဲ) လာရောက်တိုင်ကြားတဲ့ ဖြစ်စဉ်ဟာ အဓမ္မပြုကျင့်မှု မဟုတ်ဘဲ အိမ်ထောင်ရေး ဖောက်ပြန်သည့် ဖြစ်စဉ်ဟု စွပ်စွဲကာ စတင်ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နစ်နာသူ အမျိုးသမီးကို မင်းကင်းမြို့နယ် ပလဖက မျိုးစောင့်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ကျူးလွန်သူ မြောက်ချွန်းကျေးရွာ ပလဖ တာဝန်ခံကိုတော့ ဖမ်းဆီးထားခြင်း မရှိဘူးလို့ မျက်မြင်တွေ့ရှိသူ ဒေသခံတချို့က ပြောပါတယ်။
“ပြောမကောင်းပါဘူးဗျာ၊ သူ (မြောက်ချွန်း ပလဖ တပ်ဖွဲ့ဝင်) ကိုတော့ တစ်ခါတစ်ခါ အပြင်မှာ တွေ့တယ်၊ လက်နက်ကိုင် ဗိုလ်ကျမှု ဖြစ်နေပါပြီ” လို့ အခြားဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး CJ Platform အနေနဲ့ မင်းကင်းမြို့နယ် ပလဖ အဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းထားခဲ့ပေမယ့် ပြန်လည်အကြောင်းပြန် ဖြေကြားတာတွေတော့ မရှိသေးပါဘူး။
ဒေသခံတွေ ပြောကြားချက်အရ အခုဖြစ်စဉ်မှာ ကျင့်သုံးခဲ့တယ်ဆိုတဲ့ မျိုးစောင့်ဥပဒေလို့ ခေါ်တဲ့ ဥပဒေတွေဟာ စစ်တပ်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ခါနီး ၂၀၁၅ ခုနှစ်အတွင်း အတည်ပြုထုတ်ပြန်ခဲ့တဲ့ မျိုးစောင့်ဥပဒေ ၄ ခုထဲက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ အမှုကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မြောက်ချွန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံတွေ ဆန္ဒထုတ်ဖော်နေပုံ (ပုံဟောင်း)
