စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိုင်းနယ်မြေထဲ ကျရောက်ခဲ့တယ်လို့ ဇော်မင်းထွန်း ဝန်ခံ
ကရင်ပြည် မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာ အနီး တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ခဲ့မှုအပေါ် ဟုတ်မှန်ကြောင်း စစ်အုပ်စု ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ မင်းလက်ပံရွာ အနီးမှာ တိုက်ပွဲပြင်းထန်နေချိန် လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ခြမ်း ကျရောက်ခဲ့တာကြောင့် ထိုင်းပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့သလို ထိုင်းစစ်တပ်ကလည်း သတိပေး ပစ်ခတ်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲတွေအတွင်း စစ်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ခဲ့မှုအပေါ် မိမိတို့အနေနဲ့ လုံးဝ မငြင်းပယ်ကြောင်း ဇော်မင်းထွန်းက ကျားဖြန့်နှိမ်နင်းရေး သတင်းစာရှင်းလင်းပွဲမှာ ဒေသတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ ဒေသတွင်း အဆင့်တွေကနေတဆင့် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
““ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်းတို့၏နယ်မြေထဲသို့ မြန်မာ့တပ်မတော်ကပစ်သည့်ကျည်များကျသည်ဟု ပြောကြားမှုများရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လုံးဝမငြင်းပယ်ပါကြောင်း၊ ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ခြားဒေသကော်မတီများ၊ ခရိုင်အဆင့်များ၊ ဒေသတွင်းအဆင့်များမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ကြောင်း စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နယ်စပ်အနီး တိုက်ပွဲတွေအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်တွေက ထိုင်းဘက်ခြမ်းကို ၄၀ မမ ဗုံးသီးတွေ ပစ်သွင်းတာ၊ ကျည်ကျအောင် တမင်သက်သက် ပစ်ခတ်မှုတွေ ရှိတယ်လို့ ဇော်မင်းထွန်းက စွပ်စွဲပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
KNU အပေါ် စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး စစ်အုပ်စု ပြောခွင့်ရသူရဲ့ ပြောစကားတွေဟာ အလိမ်အညာတွေနဲ့သာ ပြည့်နေပြီး ဘယ်သူမှ မယုံဘူးလို့ ပဒိုစောတောနီးက CJ Platform ကို ပြောပါတယ်။ ဒါ့အပြင် ထိုင်းနဲ့ ကရင်လူမျိုးတွေကြား ဆက်ဆံရေး ကာလရှည် တည်ဆောက်လာမှုကို နားလည်မှုလွဲမှားအောင် စစ်ကော်မရှင်က လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်လူမျိုးတွေဟာ ထိုင်းနိုင်ငံထဲမှာ သန်းနဲ့ချီ ရှိနေသလို နှစ်ကာလရှည်ကြာစွာ ထိုင်းလူမျိုးတွေနဲ့အတူ သဟဇာတရှိစွာနဲ့ ညီရင်းအစ်ကိုတွေလို နေထိုင်ခဲ့တဲ့သူတွေ ဖြစ်ပြီး ထိုင်းနဲ့ ကရင်လူမျိုးကြား ပြဿနာ မရှိခဲ့ဘူးလို့ ပဒိုစောတောနီးက ဆက်ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မင်းလက်ပံရွာ အနီး တိုက်ပွဲပြင်းထန်ချိန် စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ ရွှန်ဒါပက် ကျားဖြန့်ခြံဝင်းနဲ့ မင်းလက်ပံ ဝန်းကျင်မှာ လုံခြုံရေး အခြေအနေ အလွန်ဆိုးရွားနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စု ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်ခြမ်း ကျရောက်ခဲ့ချိန် ထိုင်းနိုင်ငံသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းကြပ်ခဲ့သလို နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကိုလည်း အခု လဆန်းပိုင်းက တစ်ပတ်ကြာ ပိတ်ထားခဲ့ရပါသေးတယ်။
ဓာတ်ပုံ – KNU
ပုံစာ – KNU မှ ထိန်းသိမ်းထားသည့် ကျားဖြန့်လုပ်သားများကို မြင်ရပုံ
