လောက်ကိုင်မှာ ကျားဖြန့်လုပ်ကိုင်မှုတွေ ရှိနေတယ်ဆိုတဲ့ စစ်အုပ်စု စွပ်စွဲပြောဆိုမှုကို MNDAA ငြင်းဆို

Author CJ Platform
Categories
Published on Dec 17, 2025

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မှာ အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) အဖွဲ့တွေ အခြေချလုပ်ကိုင်နေတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း MNDAA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ငြင်းဆိုခဲ့ပါတယ်။

 

အွန်လိုင်း ငွေကြေးလိမ်လည်မှု အမြစ်ပြတ် နှိမ်နင်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး စစ်အုပ်စု ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာဖြစ်ပြီး လောက်ကိုင်နယ်မြေအတွင်း အွန်လိုင်း လိမ်လည်မှု အဖွဲ့ငယ်လေးတွေ လုပ်ဆောင်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေကနေ သတင်း ရရှိထားကြောင်းနဲ့ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့တာပါ။

 

စစ်အုပ်စုရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး MNDAA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုနေဝေစိုးက ငြင်းဆိုခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သလို ပြန်လည်အခြေချတာမျိုးကိုလည်း လက်မခံဘူးလို့ ဆိုပါတယ်။

 

“အဲဒီလိုတော့ မကြားမိထားဘူးဗျ။ ဒီမှာက Online Scam ကို တော်တော်လေးကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့တာ။ အခုလည်း အဲဒါမျိုးကတော့ သူတို့လည်း လက်မခံပါဘူးဗျ” လို့ ကိုနေဝေစိုးက CJ Platform ကို ပြောပါတယ်။

 

လောက်ကိုင်မှာ ကျားဖြန့် လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ စစ်အုပ်စုက ဆက်လက် လုပ်ဆောင်သွားမှာလို့ ပြောဆိုထားပြီး အတည်ပြုနိုင်ပါက ပထမအဆင့် သတိပေးသွားမှာဖြစ်သလို မလိုက်နာပါက နိုင်ငံတော်အဆင့်အနေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဇော်မင်းထွန်းက ဆက်ပြောထားပါတယ်။

 

အခု ဒီဇင်ဘာ ၉ ရက်ကလည်း တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၁၀၀ ဦးကို တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS) က ဖမ်းဝရမ်း ထုတ်ခဲ့ပြီး သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပေးပို့နိုင်သူတွေကိုပါ ဆုငွေပေးမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

 

MPS ရဲ့ ဖမ်းဝရမ်းမှာ ဖော်ပြခံထားရသူတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတွေမှာ အခြေစိုက်ပြီး သူတို့ကို ပြည်ပမှာရှိတဲ့ အင်အားစုတွေက အကာအကွယ် ပေးထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပြည်ပ အင်အားစုတွေလို့ ဖော်ပြထားပေမဲ့ ဘယ်အဖွဲ့အစည်းဆိုတာကို ဖော်ပြထားတာမျိုး မရှိသလို မြန်မာပြည်မြောက်ပိုင်း ဒေသနေရာကိုလည်း အတိအကျ ဖော်ပြထားတာမျိုး မရှိပါဘူး။

 

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့နဲ့ ကျားဖြန့်ဂိုဏ်းတွေကို MNDAA ဦးဆောင်တဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့က တိုက်ခိုက် နှိမ်နင်းခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်သူ အများအပြားကို တရုတ်အာဏာပိုင်တွေထံ MNDAA နဲ့အတူ တအာင်းတပ်မတော် (TNLA) တို့က လွှဲပြောင်းပေးမှုတွေ ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – ကိုးကန့်ကောင်စီ

ပုံစာ – လောင်ကိုင်မြို့အခြေစိုက် ကျားဖြန့်လုပ်ကိုင်နေသူတွေကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းနေပုံ (ပုံဟောင်း)

 

 

Related News

Depend on news