ပြည်သူအများဆုံးမဲပေးခဲ့တဲ့ NLD ပါတီ မယှဉ်ပြိုင်တာကြောင့် အစ်ကိုကြီးတွေ ပါတီကို မဲပေးပါလို့ ပြည်သူ့ပါတီမဲဆွယ်
ပြည်သူအများဆုံးမဲပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီဟာ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတာကြောင့် အစ်ကိုကြီးတွေ ပါတီ ပြည်သူ့ပါတီကို မဲပေးပါလို့ ပြည်သူ့ပါတီက အောင်မြေသာဇံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရန်နိုင်ဝင်း (ခ) မင်းဒင်က မဲဆွယ်စည်းရုံးနေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်မှာ လုပ်ဆောင်ခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုမှ ဦးရန်နိုင်ဝင်းက အခုလို ပြောကြားခဲ့တာပါ။
“ပြည်သူ့အများဆုံး မဲပေးခဲ့တဲ့ပါတီ NLDဟာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး၊ အဲ့အတွက် အစ်ကိုကြီးတွေ ပါတီ ပြည်သူ့ပါတီကို မဲပေးပါလို့ ထပ်လောင်းပြီး ပြောချင်ပါတယ်”လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။
ဆက်လက်ပြီး သူက “ကျွန်တော်ထပ်ပြောပါမယ်၊ ပြည်သူတွေအများစု မဲပေးခဲ့တဲ့ ပါတီပြီးရင် ကျွန်တော်တို့ဟာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တည်ထောင်ထားတဲ့ ပါတီဖြစ်တယ်၊ အဲ့အတွက် ပါတီဟာလည်း ပါတီကိုကြည့်မှာလား လူကိုကြည့်မှာလားဆိုရင် ပါတီဟာ ပြည်သူလူထုအတွက် အမှန်တရားအတွက် ရပ်တည်ခဲ့တဲ့ပါတီဖြစ်တယ်၊ အဲ့အတွက် ပြည်သူ့ပါတီကို မဲပေးပါလို့ ထပ်လောင်းပြောချင်ပါတယ်”လို့လည်း ပြောပါတယ်။
ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ စာရင်းမှာ ယခင် စစ်ထောက်လှမ်းရေးဟောင်းတွေပါ ပါဝင်နေခဲ့ပြီး ပါတီဥက္ကဌ ဦးကိုကိုကြီးရဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဟန်ပန်နဲ့ မဲဆွယ်စည်းရုံးမှုတွေအပေါ်မှာလည်း ပြည်သူတွေအနေနဲ့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဦးရန်နိုင်ဝင်း မဲဆွယ်စည်းရုံးနေပုံ
