လူ့အခွင့်အရေးနေ့မှာ မြောက်ဦးဆေးရုံ ဗုံးကြဲခံရပြီး သေဆုံးသူ ၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၈၀ ကျော်အထိ မြင့်တက်လာ
ရခိုင်ပြည် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈၀ ကျော်ထိ ရှိလာပြီလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေထံက သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ မနေ့ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်အုပ်စုက ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ မြောက်ဦး ပြည်သူ့ဆေးရုံကို တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေး အပါအဝင် ထိခိုက်သေဆုံးသူတွေ များပြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အခု ဒီမနက်အထိ ကျွန်တော်တို့ ရှာဖွေတွေ့တာကတော့ အလောင်း ၃၃ လောင်းထိ တွေ့တယ်ဗျ။ ဒီထက်ပမာဏလည်း နည်းနည်းများနိုင်တယ်။ တိုက်ရိုက် ဗုံးထိမှန်တဲ့ နေရာတွေမှာ အလောင်းရနိုင်ဖို့က သိပ်တော့ မဖြစ်နိုင်လောက်ဘူး တွက်ဆတဲ့အတွက် သေဆုံးကတော့ တိုးနိုင်သေးလို့ ပြောချင်ပါတယ်” လို့ ရခိုင် စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကိုဝေဟင်အောင်ကလည်း CJ Platform ကို ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၁ ရက် မနက် ၁၁ နာရီဝန်းကျင်အထိ အမျိုးသမီး ၁၇ နဲ့ အမျိုးသား ၁၆ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး ထိခိုက်ဒဏ်ရာရသူ လက်ရှိအချိန်ထိ ၈၀ ကျော်ထိ ရှိလာတယ်လို့လည်း သိရပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ ကလေးတွေနဲ့ မွတ်စလင် အမျိုးသားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ ပြည်သူ့ဆေးရုံမှာ လာရောက် ဆေးကုနေတဲ့ အခြားဒေသတွေက အရပ်သား ပြည်သူတွေလည်း ရှိနေပြီး ထိခိုက်သေဆုံးသူတွေထဲမှာ မြောက်ဦး ဒေသခံတွေအပြင် အခြားမြို့နယ်၊ ကျေးရွာတွေက လာရောက် ဆေးကုသူတွေလည်း ပါဝင်နေတယ်လို့ မြောက်ဦး ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးမှုနဲ့ ထိခိုက်သေဆုံးသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ကလည်း မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပေမဲ့ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ စာရင်းကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း AA ထိန်းချုပ်ဒေသတွေထဲက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၄၀ နီးပါး သေဆုံးခဲ့ပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရှမ်းမြောက်ဒေသ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း စစ်အုပ်စုက ရခိုင်ပြည်ထဲက သူတို့ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူမြို့တွေ အပါအဝင် AA ထိန်းချုပ်ဒေသတွေကိုပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေတာဖြစ်ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဆေးရုံ၊ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – မြောက်ဦးလူငယ်များ အစည်းအရုံး
