အမေရိကန်ရောက် မြန်မာတွေရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်ခံနေတာကြောင့် ထရမ့်အစိုးရကို တရားစွဲမယ်
အမေရိကန်နိုင်ငံတွင်း ခိုလှုံဝင်ရောက်လာတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေ အပေါ် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ရဲ့ လူဝင်ကြီးကြပ်ရေး (လဝက) ဆိုင်ရာ မူဝါဒတွေဟာ ဥပဒေအညီ ချမှတ်တာမျိုးတွေ မရှိတာကြောင့် ထရမ့်အစိုးရအဖွဲ့ကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေအထောက်အကူပေးရေး (USIRD) က ထုတ်ပြန်လာပါတယ်။

ထရမ့်အစိုးရအဖွဲ့နဲ့ အမေရိကန်နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) တို့ကို တရားစွဲဆိုဖို့အတွက် သက်ဆိုင်ရာ အမေရိကန်လွှတ်တော်အမတ်တွေ၊ ဥပဒေပညာရှင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အကြံဉာဏ်ရယူမှုတွေကိုလည်း စတင်လုပ်ဆောင်နေပြီလို့ Myanmar Center ဥက္ကဌ ဦးရဲရင့်မြင့်မိုရ်ကလည်း CJ Platform ကို ပြောပါတယ်။

“ဒီမိုကရက်ရော၊ ရီပတ်ဘလီကင်ပါတီကြီး နှစ်ခုက လွှတ်တော်အမတ်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တရားစွဲဆိုဖို့အတွက် ရှေ့နေတွေနဲ့အတူ စတင်ပြင်ဆင်နေပါပြီ။ ပြီးရင် ဝါရှင်တန် ဒီစီ ဖက်ဒရယ်တရားရုံးကို တင်ပြလျှောက်ထားသွားမှာပါ” လို့ ဦးရဲရင့်မြင့်မိုရ်က ပြောပါတယ်။

ထရမ့်အစိုးရအဖွဲ့ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေဟာ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နိုင်ငံတကာ လက်ခံကျင့်သုံးနေတဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် အမေရိကန်ရောက် မြန်မာတွေရဲ့ တရားမျှတမှုနဲ့ လုံခြုံရေးကို ဆိုးဆိုးရွားရွား ထိခိုက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ ယာယီခိုလှုံခွင့် (TPS) ပေးထားမှုကို ရုပ်သိမ်းလိုက်တာဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မှားယွင်းသုံးသပ်ချက်တွေ ဖြစ်တယ်လို့ USIRD ကလည်း ဖော်ပြထားပါတယ်။
ထို့အပြင် ထရမ့်အစိုးရအဖွဲ့ရဲ့ ဥပဒေနဲ့ မညီတဲ့ မူဝါဒတွေကြောင့် အခြားနိုင်ငံတွေကိုယ်စားပြု အဖွဲ့အစည်းတွေက အမေရိကန်အစိုးရကို တရားစွဲရာမှာ အထိုက်အလျောက် အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့လည်း ဦးရဲရင့်မြင့်မိုရ်က ပြောပါတယ်။
အခုလို ထရမ့်အစိုးရအဖွဲ့နဲ့ တရားရင်ဆိုင်ရတာဟာ အခက်အခဲတွေနဲ့လည်း ကြုံရနိုင်ပေမဲ့ အမေရိကန်ရောက် မြန်မာတွေအတွက် အကာအကွယ်ရရှိစေနိုင်ဖို့ တဆင့်ပြီး တဆင့် တရားရုံးချုပ် (Supreme Court) အထိ တက်ရောက်ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
အမေရိကန်နိုင်ငံတွင်း TPS နဲ့ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ဝန်းကျင်ကို နေထိုင်ခွင့် ရုပ်သိမ်းလိုက်တာကြောင့် နေရပ်ပြန်ရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန် မြန်မာနိုင်ငံသားတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ကလည်း ကူညီသွားမယ်လို့ ပြောဆိုထားပါတယ်။
ဓာတ်ပုံ – Free Burma Action Committee ၊ KyawSoe Latt
