စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ၂နှစ်အရွယ် ကလေးငယ်အပါအဝင် ငါးဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီကနေ့ ဒီဇင်ဘာ ၂ ရက် မနက်အစောပိုင်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ ငါးဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုဟာ ဒီကနေ့ ဒီဇင်ဘာ ၂ ရက် မနက်အစောပိုင်း ၁၂ နာရီ ၅ မိနစ်ခန့်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက နတ်မှော်ဦးကျေးရွာကို ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၂၅၀ ဗုံးသီး နှစ်လုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
“တိုက်ပွဲလည်း လုံးဝ မရှိဘူး၊ အဲဒီနား အဖွဲ့အစည်းလည်း လုံးဝမရှိတဲ့နေရာကို သက်သက်ကို လာချသွားတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် ကိုရှိုင်းကို၊ အသက် ၂၄ နှစ် အရွယ် မစုမြတ်လင်း၊ အသက် ၂ နှစ်အရွယ် ရွှေပုံစံ၊ အသက် ၂၁ နှစ်အရွယ် မောင်မာင်ဝင်း နှင့် အသက် ၄၀ နှစ်အရွယ် ရန်နိုင်ဝင်း တို့ သေဆုံးခဲ့တယ်လို့ Wetlet Informational Network ဆီက သိရပါတယ်။
ဒါ့အပြင် ကလေးတစ်ဦးအပါအဝင် စိုးရိမ်ဒဏ်ရာ ရရှိသူ ၅ ဦး ရှိပြီး နေအိမ် ၇ လုံးခန့် ထိခိုက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
“အဲဒီရွာ မြောက်ဖျားက ဆိပ်ကမ်းတစ်ခု၊ တောင်ဖျားက ဆိပ်ကမ်းတစ်ခု အဲဒီဆိပ်ကမ်းနှစ်ခုက ကုန်စည်တွေ၊ လူတွေ၊ ဆီတွေ ပို့တဲ့ ဆိပ်ကမ်း။ ဆိုင်ကယ်တွေ၊ တက္ကဆီကားလေးတွေတော့ များတယ်။ ဆိပ်ကမ်းတွေကိုလည်း ပစ်ချင်တာဖြစ်မယ်။ ဆိပ်ကမ်းက ကားကြီးတွေ ကူးတဲ့ ဇက်ဆိပ်ကမ်းတော့ မဟုတ်ဘူး။ ကျနော်တော့ တဖက်ကမ်း (မန္တလေးတိုင်း) ကို ရိက္ခာတွေ ဘာတွေ ပို့တာ မလိုလားလို့ ချတာ ဖြစ်နိုင်တယ်လို့ယူဆရတယ်” လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။
လတ်တလောမှာလည်း စစ်အုပ်စုဟာ ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွာသာကြီးကျေးရွာမှာ အထိုင်ချ တပ်ဆွဲနေတာရှိပြီး အဲဒါက စစ်ကြောင်းတွေ စစ်ကြောင်းထိုး လှည့်လည်စဉ် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပါတယ်။
အဲဒီစစ်ကြောင်းက ဒေသခံ ၄၀ ခန့် ဖမ်းဆီးထားတာရှိပြီး မြို့နယ်အတွင်းက ကျေးရွာ ၂၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးတာတွေရှိခဲ့တာကြောင့် ဝက်လက်မြို့နယ် အနောက်ခြမ်းက ဒေသခံအများစုဟာ နေရပ်မပြန်နိုင်ဘဲ တိမ်းရှောင်နေကြရတာ တွေလည်းရှိနေပါတယ်။
ဓာတ်ပုံ – ပေးပို့
