စစ်ကော်မရှင်ရဲ့ ဆေးဝါးပိတ်ဆို့မှုကြောင့် ပဋိပက္ခဒေသက HIV ဝေဒနာရှင်တွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရ
မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်သင့်ဒေသများမှ HIV ပိုးကူးစက်ခံထားရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အသက်ဆက်ရှင်သန်ရေးဟာ ယခင်ကထက် ပိုမိုခက်ခဲလာနေပါတယ်။ စစ်ကော်မရှင်က အသက်ကယ်ဆေးဖြစ်တဲ့ Antiretroviral Therapy (ART) ဖြန့်ဝေမှုကို တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်လိုက်ပြီးနောက် စစ်ကိုင်း၊ မကွေး နဲ့ ရခိုင် လို တော်လှန်ရေးအားကောင်းရာဒေသတွေမှာ ဆေးဝါးပြတ်လပ်မှုဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုအဆင့်ကို ရောက်ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး စစ်ကော်မရှင်က ART ဆေးတွေကို သူတို့လက်အောက်ခံ ကျန်းမာရေးဌာနတွေမှာသာ ထုတ်ယူရမယ်လို့ ကန့်သတ်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ယခင်က နိုင်ငံတကာနဲ့ ပြည်တွင်း NGO အဖွဲ့အစည်းတွေကတဆင့် ဆေးဝါးလွယ်ကူစွာ ရရှိခဲ့တဲ့စနစ်ဟာ ရပ်တန့်သွားခဲ့ပြီး စစ်ဘေးရှောင်တွေဟာ ဆေးရဖို့ နည်းလမ်း ပျောက်နေကြပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင် ဒေသခံတစ်ဦးက “စစ်ကောင်စီက တိုက်ရိုက်ကိုင်တာဆိုတော့ ဆေးရဖို့ အခက်ခဲရှိတယ်။ ဆေးပြတ်သွားလည်း ဒီတိုင်းပဲ ရှိနေရာတယ်” လို့ သူ့ရဲ့ အခြေအနေကို ရှင်းပြပါတယ်။
စစ်ဘေးရှောင်တွေအတွက် စစ်ကော်မရှင်ထိန်းချုပ်တဲ့ ဆေးရုံတွေကို သွားရောက်ဖို့ဟာ လုံခြုံရေးအရ စိုးရိမ်ရတဲ့အပြင် ကုန်ကျမယ့် ခရီးစားရိတ်တွေကြောင့်လည်း ငွေကြေးမတတ်နိုင် ဖြစ်နေကြရပါတယ်။
မြန်မာနိုင်ငံက HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းစဉ်ဟာ The Global Fund နဲ့ USAID လို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေအပေါ် အဓိက မှီခိုနေရတာ ဖြစ်ပါတယ်။ The Global Fund တစ်ခုတည်းကပဲ ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆၈ သန်း ကျော် ထောက်ပံ့ဖို့ ကတိပြုထားပါတယ်။ အရင်က ဒီရန်ပုံငွေတွေနဲ့ NGO အဖွဲ့အစည်းတွေက ဝေဒနာရှင်တွေဆီကို ဆေးဝါးအရောက်ပို့တာ၊ ဆေးသောက်ဖို့ သတိပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
“ခွင့်ပြုချက်မရှိတဲ့အဖွဲ့၊ ခွင့်ပြုချက်ကျော်လွန်နေတဲ့အဖွဲ့တွေကိုလည်း ချက်ချင်း နားခိုင်းပြီး လုပ်ပိုင်ခွင့်တွေ ရပ်ခိုင်းခဲ့ပါတယ်။ လူဦးရေက တိုးလာပါတယ်၊ ဆေးသောက်ပျက်တဲ့သူလည်းများလာပါတယ်၊ Service (ဝန်ဆောင်မှု) ကတော့ အများကြီး ကွာခြားသွားပါတယ်၊ သူတို့လက်အောက်မှာ follow up လိုက်တာ (နောက်ဆက်တွဲအခြေအနေမေးမြန်း)၊ ဆေးခန်းရက်ချိန်း remind လုပ်ပေးတာတွေ မရှိတော့ပါဘူး။ အကြောင်းအရင်းတောင် မသိရပါဘူး၊ လုံးဝ ဆက်သွယ်ပြတ်သွားတဲ့ နေထားမျိုး ဖြစ်နေတာပါ” လို့ NGO အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဆေးဝါးပြတ်လပ်မှုရဲ့ အဆိုးရွားဆုံး အကျိုးဆက်ကတော့ အသက်ဆုံးရှုံးမှုတွေပဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ စစ်ကိုင်း နဲ့ မကွေး နဲ့ ချင်းပြည်က မြို့နယ်တချို့မှာ နာတာရှည်ရောဂါ ဖြစ်ပွားသူတချို့ ဆေးဝါးပြတ်လပ်မှုတွေကြောင့် သေဆုံးခဲ့ရတာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်မှာလည်း ဆေးပြတ်လပ်မှုကြောင့် HIV ဝေဒနာရှင် အနည်းဆုံး ၄ ဦး သေဆုံးခဲ့တယ်လို့ ရခိုင် အခြေအနေအမြင် DMG သတင်းဌာနက ဖော်ပြထားပါတယ်။
ကရင်နီပြည် ကျန်းမာရေးဝန်ထမ်း ဆရာဝန်တစ်ဦးက “ဆေးမရတော့ဘူးဆိုရင်တော့ HIV ရောဂါကူးစက်ခံနေရတဲ့သူတွေ CD4 count ကျပြီး Viral load တက်မယ်၊ ပြီးရင် AIDS ဖြစ်ပြီး အသက်အန္တရာယ်တွေ နဲ့ ကြုံလာမယ်ပေါ့။ ဆေးပြတ်ပြီးမှ ဆေးပြန်ရခဲ့ရင်တောင် ဆေးကုသရတာ မလွယ်တော့တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်” လို့ ရှင်းပြပါတယ်။
စစ်ကိုင်းတိုင်းလို ဒေသတွေဆီကို ဆေးဝါးနဲ့ တခြားအကူအညီတွေ သယ်ယူခွင့်ကို စစ်ကော်မရှင်က ၄ နှစ်နီးပါး ပိတ်ဆို့ထားခဲ့ပြီး သူတို့ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အကူအညီတွေကို သိမ်းယူတာ၊ ဖြန့်ဝေမှုကို သူတို့ရဲ့ ကြီးကြပ်မှုအောက်မှာပဲ လုပ်ဆောင်စေတာမျိုးတွေ ရှိနေပါတယ်။
“အဓိက ဆေးသောက်ပျက်ပြီး ဆေးခန်းရက်ချိန်းပျက်ရတဲ့အကြောင်းကတော့ စစ်ဘေးရှောင်ရခြင်း၊ တိုက်ပွဲကြောင့် ဆေးလာယူဖို့ ခက်ခဲခြင်း၊ သွားလာစရိတ် မြင့်တက်လာမှုကြောင့် မတတ်နိုင်ခြင်းတို့ဖြစ်ပါတယ်။ နယ်ဘက်တွေကတော့ အများကိုယ်စား တစ်ယောက်တည်း လာထုတ်ပေးတာတွေ ရှိပါတယ်၊ ဒါပေမဲ့ ဂိတ်တွေမှာ ဆေးဝါးဆိုတာနဲ့ စစ်ဆေး သိမ်းဆည်းခဲ့တာမျိုးတွေလည်း ရှိပါတယ်” လို့ ကူညီစောင့်ရှောက်ရေး လုပ်နေသူ NGO ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ UNAIDS အစီအစဉ်က ၂၀၃၀ မှာ AIDS ရောဂါကို အဆုံးသတ်နိုင်ရေး ရည်မှန်းချက်အတွက် မြန်မာနိုင်ငံကို အာရှဒေသမှာ ဦးစားပေးနိုင်ငံ အဖြစ် သတ်မှတ်ထားပေမဲ့ လက်ရှိ မြေပြင်အခြေအနေကတော့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ နိုင်ငံတကာရဲ့ ရန်ပုံငွေတွေ ရှိနေပေမဲ့ အလိုအပ်ဆုံးသူတွေဆီကို အသက်ကယ်ဆေးတွေ မရောက်ရှိနိုင်အောင် ပိတ်ဆို့ခံထားရတာကြောင့် အသက်ပေါင်းများစွာဟာ ပဋိပက္ခရဲ့ ဓားစာခံတွေ ဖြစ်နေကြရပါတယ်။
ဓာတ်ပုံ – MOI
