ဗီယက်နမ်မှာ ရေကြီးမှု ထပ်မံ ဖြစ်ပေါ်ပြီး ၈ ဦး သေဆုံး၊ ကော်ဖီစိုက်ခင်းတွေ အတွက် အခက်အခဲ ကြုံနိုင်
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု နဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဗီယက်နမ်အစိုးရ တာဝန်ရှိသူတွေက ဒီနေ့ နိုဝင်ဘာ ၁၉ ရက် မှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

မိုးသည်းထန်မှုကြောင့် ကော်ဖီစိုက်ခင်းတွေ အတွက် အခက်အခဲ ကြုံနိုင်ပြီး ကော်ဖီ ခူးဆွတ်ဖို့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့လည်း ကုန်သည်တွေကို သတိပေးထားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ ဒေသတွေဟာ ကော်ဖီစိုက်ပျိုးခင်းတွေ အများဆုံးရှိရာ ဒေသတစ်ခု ဖြစ်ပြီး ထင်ရှားတဲ့ ကမ်းခြေရှိရာနေရာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ညပိုင်းကတည်းက ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒေသအနှံ့အပြားမှာ မိုးရွာသွန်းမှု များပြားခဲ့တာကြောင့် ဒါလတ်ကနေ ညကျန်းကို သွားတဲ့ ခရီးလမ်းမှာ တနင်္ဂနွေနေ့ ညနေပိုင်းက မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ခရီးသည် ၆ ဦး သေဆုံးခဲ့ကာ မြေပြိုမှုအတွင်း ပိတ်မိနေသူ ၃ ဦး အပါအဝင် ၇ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။

ကမ္ဘာ့ကော်ဖီဈေးကွက်ထဲကို Robusta ကော်ဖီ အများဆုံး တင်ပို့တဲ့ ဗီယက်နမ်ဟာ အခုလို ကော်ဖီစေ့ ဆွတ်ခူးချိန် မိုးရွာသွန်းမှုတွေ ကြောင့် ကော်ဖီထုတ်လုပ်ရေးအတွက် နှောင့်နှေးကြန့်ကြာမှုတွေ နဲ့ ကြုံရနိုင်ပြီး ဒါဟာ ကမ္ဘာ့ကော်ဖီဈေးကွက်ကိုလည်း ထိခိုက်မှု ရှိနိုင်တယ်လို့ ဒါလတ်ကုန်သည်တွေက ဆိုပါတယ်။

“ဒါလတ်က တချို့ မြေနိမ့်ဒေသတွေမှာ ရေကြီးရေလျှံမှု တွေကြောင့် ကော်ဖီစိုက်ခင်းတွေ ရေနစ်မြုပ်မှုတွေ ရှိခဲ့တယ်၊ ကော်ဖီတောင်သူတွေက ကော်ဖီ ခူးဆွတ်တာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ ပြီးတော့ ကော်ဖီစေ့တွေကို ခြောက်သွေ့အောင် နေလှန်းဖို့လည်း လိုနေသေးတယ်” လို့ ဒေသတွင်းမှာရှိတဲ့ ကော်ဖီကုန်သည်တွေကလည်း Reuters သတင်းဌာနကို ပြောပါတယ်။

ဗီယက်နမ်ဟာ အခုနှစ် ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ ကမ္ဘာ့ဈေးကွက်ထဲကို ကော်ဖီပို့ကုန် မက်ထရစ်တန် ၁ ဒသမ ၃၁ သန်း အထိ ပို့ဆောင်ထားတယ်လို့ ဗီယက်နမ်ကုန်သွယ်ရေး အချက်အလက်တွေရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးရွာသွန်းမှုအတွင်း ရေကြီးရေလျှံမှု တွေကြောင့် ကျေးလက်ဒေသ အတော်များများက ဒေသခံပြည်သူတွေဟာ အိမ်ခေါင်မိုးပေါ် တက်နေရပြီး အကူအညီပေးဖို့ တောင်းခံမှုတွေလည်း ရှိနေပါတယ်။ ရာနဲ့ချီတဲ့ မိသားစုတွေဟာ ရေနစ်မြုပ်နေတဲ့ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာသွားရသလို ဒေသအတွင်းမှာရှိတဲ့ ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ Vietnam News Agency ကလည်း ဖော်ပြထားပါတယ်။
ဓာတ်ပုံ – Vietnam News Agency/VNS၊ VNA
