NUCC ရဲ့ လုပ်ဆောင်မှုတွေဟာ မြေပြင်နဲ့ ကင်းကွာမှုတွေရှိနေတာကြောင့် အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်နားထားတယ်လို့ KNU ပြော

Author CJ Platform
Categories
Published on Nov 18, 2025

ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့အစည်းအနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ရပ်နား ခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံက သိရပါတယ်။

 

NUCC ရဲ့ လုပ်ဆောင်မှုတွေဟာ မြေပြင်အခြေအနေနဲ့ ကင်းကွာမှု တွေရှိနေတာကြောင့် KNU အဖွဲ့အစည်းအနေနဲ့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ရပ်နားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

“ယာယီ ရပ်ဆိုင်းတာပါ။ NUCC တကယ်ပဲ အားစိုက်ပြီး လုပ်ဆောင်နေတဲ့ဟာတွေက မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ကင်းကွာနေတဲ့ အပိုင်းတွေ အများကြီး တွေ့နေရတယ်” လို့ ပဒိုစောတောနီးက CJ Platform ကို ပြောပါတယ်။

 

NUCC ကနေ KNU အဖွဲ့အစည်းနဲ့အတူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) လည်း နုတ်ထွက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ်  KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကို CJ Platform က ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ဒါဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) က NUCC ကနေ နုတ်ထွက်ပြီးနောက်ပိုင်း အခြား တိုင်းရင်းတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ KNU နဲ့ KNPP တို့ နုတ်ထွက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

 

NUCC ရဲ့ လုပ်ဆောင်မှုတွေဟာ တော်လှန်ရေး ရှေ့မရောက်ဘဲ ကြန့်ကြာအောင် လုပ်ဆောင်သလို ဖြစ်နေတယ်လို့ စတင်ဖွဲ့စည်းချိန်က ရည်ရွယ်ချက်ကောင်းနဲ့ ဖွဲ့စည်းခဲ့ပေမဲ့ လက်ရှိမှာ ဆန့်ကျင်ဘက် ရလဒ်တွေ ထွက်ပေါ်နေတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် တစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

“NUCC ကြောင့် တော်လှန်ရေးက ရှေ့မရောက်ဘူး ဖြစ်နေတာ။ NUCC ရဲ့ လုပ်ဆောင်မှုတွေက တော်လှန်ရေးကို အောင်မြင်အောင် လုပ်ဖို့ထက် ကြန့်ကြာအောင် လုပ်သလို ဖြစ်နေတယ်။ ဒီပုံစံအတိုင်းဆို NUCC ကို ဖျက်သိမ်းလိုက်တာ ပိုကောင်းပါတယ်” လို့ သူက ဆိုပါတယ်။

 

အခုလို အင်အားကြီး EROs အဖွဲ့တွေ နုတ်ထွက်သွားမှုဟာ NUCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ပိုမို အင်အားချည့် နဲ့စေပြီး NUCC ရဲ့ လုပ်ဆောင်ချက်တွေဟာ မြေပြင်နဲ့ ကင်းကွာလာတာကြောင့် လက်ရှိအချိန်မှာ NUCC အဖွဲ့ကို ဖျက်သိမ်းလိုက်သင့်တယ် လို့ CRPH အဖွဲ့ဝင် တစ်ဦးက ဆက်ပြောပါတယ်။

 

KNU နဲ့ KNPP တို့ နုတ်ထွက်ခဲ့ပြီးနောက် NUCC မှာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ ကျောင်းသားတပ်မတော် (ABSDF) နဲ့ Interim Chin National Consultative Council (ICNCC) တို့ရှိနေပြီး နိုင်ငံရေးပါတီအစုအဖွဲ့အဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၊ CRPH တို့အပါအဝင် အခြားနွေဦးသပိတ် အင်အားစုတွေ အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်နေတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – KNU

 

Related News

Depend on news