စစ်အုပ်စုရဲ့ ရှမ်းမြောက်စစ်ဆင်ရေးကို အကူညီမပေးခဲ့ဘူးလို့ SSPP ဆို

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ပိန်၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ချိန် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ အောက်တိုဘာ ၁၈ ရက်မှာ SSPP သတင်းပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။
တအာင်းတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုတွေမှာ SSPP က ကူညီလမ်းဖွင့်ပေးခဲ့မှုတွေ ရှိတယ်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုလာချိန် SSPP ဘက်က အခုလို တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုက နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြန်လည်ရယူခဲ့ပြီးနောက် နောင်ပိန်ရွာကို စစ်ကြောင်းထိုးချိန်ကတည်းက SSPP တပ်ဖွဲ့က ကူညီပေးမှုတွေ၊ လမ်းဖွင့်ပေးမှုတွေ ရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ ရှမ်းမြောက်စစ်မြေပြင်သတင်းရင်းမြစ်တွေက CJ Platform ကို ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့ သီပေါမြို့ကို ခံစစ်ပြင်နေချိန်မှာ စစ်ကောင်စီက SSPP နဲ့ ပူးတွဲပြီးတော့မှ သွားလာလှုပ်ရှားတာမျိုးတွေ ရှိတယ်။ SSPP က စစ်ကောင်စီကို လမ်းကြောင်းတွေကို ကူပြပေးပြီးတော့ တခြားလမ်းကြောင်းတွေကနေတစ်ဆင့် သီပေါမြို့ကို ဝင်ရောက်နိုင်တာဖြစ်တယ်” လို့ TNLA လွေးယေဦးက CJ Platform ကို ပြောကြားထားပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ဒါဟာ “ကြွက်မနိုင် ကျီမီးရှို့“ ဆိုတဲ့ ရန်လိုမှုအသုံးအနှုန်းနဲ့ ပြောဆိုသွားမှုဖြစ်ပြီး ဒီလိုပြောဆိုမှုကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနဲ့ SSPP/SSA အပေါ် အခြားတော်လှန်ရေးအင်အားစုတွေက ထင်ယောင်ထင်မှားဖြစ်စေနိုင်တာကြောင့် တာဝန်ယူဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
စစ်အုပ်စုကို SSPP က ကူညီပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်မှုအပေါ် SSPP/SSA သတင်းပြန်ကြားရေးနဲ့ တာဝန်ရှိသူတွေထံ CJ Platform က အခု အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖုန်း၊အီးမေးလ်တို့ကနေတဆင့် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုမှု မရှိခဲ့ဘဲ သီပေါမြို့ကို စစ်အုပ်စုက ဝင်ရောက်ပြီးနောက် ဒီနေ့ အောက်တိုဘာ ၁၈ ရက်ကျမှသာ သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်အုပ်စု လက်လွှတ်ဆုံးရှုံးခဲ့တဲ့ ကျောက်မဲ၊ သီပေါမြို့တို့ဟာ SSPP/SSA စစ်ရေးလှုပ်ရှားမှုနယ်မြေတွေထဲမှာ ရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မန္တလေး-လားရှိုး-မူဆယ် အဝေးပြေးလမ်းမကြီးပေါ်မှာ ရှိနေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – SSPP info