စစ်ခေါင်းဆောင်ရဲ့ ကြက်မွေးမြူရေး မဖြစ်နိုင်ဘူးလို့ မွေးမြူရေးလုပ်ငန်းရှင်တွေ ဝေဖန် တပ်တွင်းကြက်မျိုး မျိုးသုဉ်းသွားတာကို စစ်ခေါင်းဆောင် မသိဟုဆို

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကြက်အကောင်ရေ ၄ သန်း မွေးမြူရေးညွှန်ကြားချက်မှာ မဖြစ်နိုင်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်တွေက ဝေဖန်နေကြပြီး တပ်တွင်းကြက်မျိုးဖြစ်တဲ့ Novogen Brown မှာ မျိုးသုဉ်းသွားပြီဖြစ်တာကို စစ်ခေါင်းဆောင်က မသိရှိဘဲ ပြောဆိုနေခြင်းဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
နေပြည်တော်မှာ အောက်တိုဘာ ၁၆ ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ သူ့လက်အောက်ခံ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူ လူဦးရေ ၇ သန်းရှိပြီး လူဦးရေတစ်ဝက် ၃ သန်းခွဲတွင် ကြက်ဥတစ်ရက်လျှင် တစ်လုံးစားပါက ကြက်ဥအလုံးရေ ၃ သန်းခွဲ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြက်ဥ ၃ သန်းခွဲ ရရှိရန်အတွက် ကြက်အကောင်ရေ ၄ သန်းခန့် မွေးမြူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စားရေးကို အထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပထမအဆင့် ၂၅ ရာခိုင်နှုန်း၊ ဒုတိယအဆင့် ၄၀ ရာခိုင်နှုန်း ဖူလုံစေရန်နှင့် နောက်ဆုံးအဆင့်တွင် ၁၀၀ ရာခိုင်နှုန်း ဖူလုံစေရေး အဆင့်ဆင့်တိုးမြှင့် စီမံချက်ချ ဆောင်ရွက်သွားရမည်” လို့ ပြောကြားခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ကြက်သားပေါက်ထုတ်လုပ်ရေးကုမ္ပဏီတွေအနေဖြင့် CP၊ New Hope၊ UMB၊ ကောင်းထက်နဲ့ ကုမ္ပဏီငယ်အချို့သာ ကျန်ရှိတော့ပြီး ကြက်သားပေါက်ထုတ်လုပ်ရေး လျော့ကျသွားပြီဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“ကြက်ကောင်ရေ လေးသန်းမွေးမယ်ဆိုရင် သူထင်တာက အရင်ကလို တစ်နေ့ ကြက်ကောင်ရေ ရှစ်သိန်းလောက် ထွက်နေတယ်လို့ သူထင်တာ၊ အမှန်က ကုမ္ပဏီလေးခုပေါင်းတောင်မှ တစ်ပတ်ကို ကြက်က တစ်သိန်းသုံးသောင်း၊ တစ်သိန်းလေးသောင်းလောက်ပဲ ထွက်တော့တယ် ဥစားကြက်က” လို့ အမည်မဖော်လိုသူ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တပ်တွင်းမွေးကြက်မျိုးဖြစ်တဲ့ Novogen Brown ဟာ မျိုးသုဉ်းသွားပြီးနောက် ဆက်လက်ထုတ်လုပ်နိုင်ခြင်းမရှိဘဲ တပ်တွင်းကနေ လိမ်လည်စာရင်းတင်ပြမှုကို စစ်ခေါင်းဆောင်က အမှန်ထင်မှတ်ကာ အခုလို အစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။
“ပြသနာက သူ့တပ်ထဲမှာ လက်ရှိရှိနေတဲ့ ကြက်တွေအားလုံးကို ကုမ္ပဏီတွေ၊ ဥပမာ CP တို့ New Hope တို့ အဲဒီကနေပဲ ထုတ်ကြတာ၊ ပြသနာက CP က ဥနှုန်းကောင်းတဲ့ အခါမျိုးကျတော့ တပ်တွင်းမှာကျ ဥနှုန်းကို ပြင်ပြီးပြရတယ်၊ CP Brown ဆိုတဲ့နေရာမှာ Novogen Brown ဆိုပြီး လိမ်ပြီးတော့ ပြကြတယ်၊ သူမသိတာက သူ့ကြက်မျိုးကို သူကိုယ်တိုင်ရှိနေသေးတယ်လို့ ထင်နေသေးတာ၊ တကယ်က အဲဒီကြက်မျိုးက မရှိတော့ဘူး၊ ပြတ်သွားတာကြာပြီ” လို့ အမည်မဖော်လိုသူ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြပါတယ်။
ပြည်ပမှ ကြက်သားပေါက်မျိုးစိတ်များ မတင်သွင်းနိုင်ခြင်းကြောင့် ပြည်တွင်းရှိ ကြက်မျိုးစိတ်များမှာ အရည်အသွေးလျော့ကျလာခဲ့ပြီး စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်ဟာ မဖြစ်နိုင်ကြောင်းလည်း မွေးမြူရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။
“အကောင်ရေ လေးသန်းမွေးမယ်ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး၊ ကုမ္ပဏီတွေ ကိုယ်တိုင်မှာလည်း ကြက်ပေါက်တွေ မရှိပါဘူး၊ အရင်က ဧရာဝတီတစ်တိုင်းလုံးမှာ ဥစားကြက် အနည်းဆုံး သိန်းလေးဆယ်၊ သိန်းငါးဆယ် ပတ်ချာလည်ရှိပါတယ်၊ အခုဆို ဧရာဝတီတိုင်းလုံး အကုန်လုံးချုပ်မှ ဥစားကြက်ကောင်ရေ သိန်းနှစ်ဆယ်ပဲ ရှိပါတယ်” လို့ နှစ်ပေါင်း ၃၀ ကျော် ကြက်မွေးမြူရေးလုပ်ဆောင်လာခဲ့သူ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဆန်ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ဆန်စက်အများစုဟာ စပါးမကြိတ်ဘဲ ရပ်နားထားရပြီး တိရစ္ဆာန်စာ ရှားပါးလာကာ ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကြက်မွေးမြူရေးကို ပိုမိုအားစိုက်လုပ်ဆောင်လာဖို့ မရှိဘူးလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
ဓာတ်ပုံ – Pro SAC