၈ လွှာအမြင့်ကနေ ဆော့ကစားရင် တိုက်နှစ်လုံးကြားထဲ ပြုတ်ကျခဲ့တဲ့ ကလေးငယ်ကို ထိခိုက်မှုမရှိဘဲ ကယ်တယ်နိုင်  

Author CJ Platform
Categories
Published on Oct 18, 2025

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမရှိ အထပ်မြင့်တိုက်ခန်းတစ်ခုမှာ တိုက်ခန်းအထပ် ၈ လွှာကနေ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဆော့ကစားရင်း တိုက်နှစ်လုံးကြားအတွင်း ပြုတ်ကျခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ဘဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကိုပူတူးနှင့် ဘော်ဒါများအသင်းထံက သိရပါတယ်။

 

မနေ့ အောက်တိုဘာ ၁၇ ရက် ည ၉ နာရီဝန်းကျင်မှာ ကလေးငယ်ဟာ ဆော့ကစားရင် တိုက်နှစ်လုံးကြားကို ပြုတ်ကျကာ တိုက်ခန်း ၃လွှာနေရာမှာ ညှပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ကိုပူတူးနှင့် ဘော်ဒါများအသင်းတို့က ၉ နာရီ ၂၇ မိနစ်မှာ သတင်းရရှိခဲ့ကာ သွားရောက်ကယ်ဆယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

“ကစားရင်းနဲ့ ပြုတ်ကျတာပေါ့နော်။ ကလေးပြုတ်ကျပြီးချိန် ကျွန်မတို့ကို ဖုန်းဆက်သွယ်အကူအညီတောင်းလာလို့ ဘယ်နေရာက ပြုတ်ကျတာလဲတော့ မသိပါဘူး။ အပေါ်ဆုံးထပ် အခင်းဖြစ်တဲ့နေရာကို မရောက်ခဲ့ဘူး။ ၃ လွှာမှာ ညှပ်နေတယ်။ ၃ လွှာမှာပဲ ထုတ်ပြီးတင်တာ” လို့ ကိုပူတူးနှင့် ဘော်ဒါများအသင်းက တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ဟာ တိုက်အထပ် ၈ လွှာ အခန်းထဲမှာ ဆော့ကစားနေချိန် ပြတင်းပေါက်ကနေတစ်ဆင့် ပြုတ်ကျတာလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပေမဲ့ CJ Platform အနေနဲ့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။

 

တိုက်နှစ်လုံးကြား ၃ လွှာမှာ ညှပ်နေတဲ့ ကလေးငယ်ကို Power Unit Hydraulic Tools တွေကို အသုံးပြုပြီး ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမရရှိခဲ့ပေမဲ့ ပီတိမေတ္တာလူမှုကူညီရေးအသင်းက သူနာတင်ယာဉ်အကူအညီနဲ့ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ ကိုပူတူးနှင့် ဘော်ဒါများအသင်း

 

Related News

Depend on news