မြင်းခြံမှာ ပကဖ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားသူတွေထဲက ၁၃ ဦး ပြန်ဖမ်းမိ ၊ ပြစ်မှုကြီးနဲ့ ဖမ်းဆီးထားသူတွေ လွတ်မြောက်နေဆဲ

မန္တလေးတိုင်း မြင်းခြံခရိုင်မှာ အောက်တိုဘာ ၁၆ရက်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ အချုပ်ခန်းကို ဖောက်ထွင်းကာ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူ အချုပ်သား ၃၂ ဦးအနက် ၁၃ဦးကို အောက်တိုဘာ ၁၆ရက်နေ့ ညပိုင်းမှာ လက်နက်အချို့နဲ့ ပြန်လည်ဖမ်းဆီးရမိခဲ့ပေမယ့် ပြစ်မှုကြီး ကျူးလွန်မှုကြောင့် ဖမ်းဆီးထားတဲ့ အချုပ်သားအချို့ဟာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
“မနေ့ညက အမျိုးသမီး ၅ ဦး ပြန်ဖမ်းမိတယ်။ ဒီနေ့မနက် ၁၀ နာရီလောက် တပ်ရင်း ၇ ကင်းပုန်းက ကျား ၇ ဦး၊ မ ၁ ဦး ဖမ်းမိတယ်။ ဖမ်းမိသူတွေဆီက အတို ၁ လက်၊ AK ၁ လက်၊ ကာဘိုင် ၁ လက် ပြန်ရတယ်။ ကျန်လွတ်နေသူတွေက အရေးကြီးသူ၊ အပြစ်ကြီးသူတွေ များတယ်” လို့ အဲဒီအကြောင်းကို သိရှိထားသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
အခု သတင်းရေးသားချိန် အောက်တိုဘာ ၁၇ရက်နေ့ ည ၇နာရီထိ အချုပ်ခန်းဖောက်ထွက်ပြေးပြီး ပြန်လည် မဖမ်းဆီးနိုင်သေးသူတွေအနက် One Local PDF ခေါင်းဆောင် ပေါကြီးအပါအဝင် ပြစ်မှုကြီးကျူးလွန်သူတွေ ပါဝင်နေတယ်လို့ သိရပါတယ်။
One Local PDF အဖွဲ့ဟာ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်က မိသားစုတစ်စုကို ဓားပြတိုက်ခဲ့သလို မြင်းခြံမြို့ ဘူတာတိုက်တန်းရှိ IT Mobile ဆိုင်ကိုလည်း ဓားပြတိုက်၊ လူသတ်မှု ကျူးလွန်ခဲ့တာကြောင့် ဖမ်းဆီးအမှုစွဲဆိုခံထားရတာဖြစ်တယ်လို့ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။
မြင်းခြံခရိုင် ပကဖ အချုပ်ခန်းကနေ လွတ်မြောက်နေဆဲ ၁၉ ဦးထဲမှာ ဒေသတွင်းပြစ်မှုကျူးလွန်ခဲ့တဲ့ သာမန်အရပ်သားပြည်သူတွေလည်း ပါဝင်နေသလို လက်နက်ကိုင်ဆောင်ကာ လူသတ်၊ ဓားပြမှု ကျူးလွန်နေသူတွေလည်း ပါဝင်နေတာကြောင့် ခရိုင် ပကဖ၊ မြင်းခြံမြို့နယ် တပ်ရင်း ၇ (ဇီးရိုး ပြောက်ကျားတပ်ဖွဲ့) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိုက်စိပ်တိုက်ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြင်းခြံခရိုင်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုလက်အောက်ခံ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေသလို စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်