ကရင်နီပြည်ကို စစ်အုပ်စုက အင်အား တစ်ထောင်ကျော်နဲ့ စစ်ကြောင်း ထိုးနေ

Author CJ Platform
Categories
Published on Oct 15, 2025

ကရင်နီပြည်အတွင်းကို စစ်အုပ်စုက စစ်မျက်နှာ ၅ခုဖွင့်လှစ်ပြီး အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဆီက သိရပါတယ်။

 

အခု အောက်တိုဘာလအတွင်းမှာ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တို့က ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးနေခဲ့တာပါ။

 

“တိုက်ပွဲကတော့ သူတို့ အနည်းဆုံး ၂၀၀၊၃၀၀ အနည်းဆုံး ၂၀၀ရှိတယ်ပေါ့နော် စစ်ကြောင်းထိုးတဲ့ နေရာတိုင်းမှာ အချို့နေရာမှာတွေမှာတော့ အဲဒီထက် များတာပေါ့နော် ၊ အနည်းဆုံး ၂၀၀လောက်နဲ့ စစ်မျက်နှာတိုင်းမှာ စစ်ကြောင်းထိုးနေတာဖြစ်တယ်ပေါ့နော်”လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံ ကိုသာအယ်စိုးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုရဲ့ စစ်ကြောင်းအတွင်း ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပါ ပါဝင်နေပြီး စစ်အုပ်စုနဲ့ ပူးပေါင်းကာ စစ်ရေးဖော်ဆောင်နေတာကြောင့် KNDF နဲ့ပါ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။

 

“အဓိကတော့ PNO  ပါတယ်။ ရှမ်းတောင်ဘက်ကိုရော လွိုင်ကော်ဘက်ကိုရော ထိုးလာတဲ့အထဲမှာ PNO  ပါတယ်”လို့ ကိုသာအယ်ဆိုးက ဆက်ပြောပါတယ်။

 

အခု အောက်တိုဘာ ၇ ရက်နဲ့ ၉ ရက်ကလည်း ရှမ်းတောင်နဲ့ ကရင်နီအစပ် လွိုင်လင်လေးမြို့နယ်၊ လင်ဖုံကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်ဖွဲ့၊ လက်အောက်ခံ PNO/PNA တပ်တွေနဲ့ KNDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

 

ဖယ်ခုံမြို့အတွင်း မြောက်စလုံးကျေးရွာ တိုက်ပွဲတွေမှာ PNO/PNA က စစ်အုပ်စုနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) သတင်းပြန်ကြားရေးက အခု အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

 

လက်ရှိ ရှမ်းတောင်နဲ့ ကရင်နီအစပ် စစ်ရေးပဋိပက္ခတွေမှာ စစ်ကော်မရှင်က PNO/PNA တပ်ဖွဲ့တွေကို စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်းတွေ ထောက်ပံ့ကူညီပေးနေတာကြောင့် စစ်ကော်မရှင်နဲ့ စစ်တပ်ကို ကျေးဇူးတင်ရမယ်လို့ PNA ဒုတိယစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီး နေဝင်းထွန်းက အခု အောက်တိုဘာ ၂ ရက် PNA တပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။

 

ကရင်နီထဲက မြို့နယ်တွေကို စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ တပ်ဖွဲ့တွေက တစ်ပြိုင်တည်းနီးပါး စစ်ကြောင်းထိုးနေတာကြောင့် ဖယ်ခုံ-ပင်လောင်းမြို့နယ်အစပ်က တောင်စလုံး၊ မြောက်စလုံးရွာက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရသလို ဒီမော့ဆိုမြို့နယ်၊ နန်းမယ်ခုံက ပြည်သူတွေကလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု စစ်ကြောင်းထိုးမှုတွေနဲ့ တိုက်ပွဲတွေကြောင့် ကရင်နီဒေသခံပြည်သူ ၂၅၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အခု စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူတွေ ပိုမိုများပြားလာပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ်လိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်

ပုံစာ – စစ်အုပ်စုစစ်ကြောင်းကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများ

 

 

 

 

Related News

Depend on news