လက်ပံလှဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကာယကံရှင်မိသားစုနဲ့ တွေ့ဆုံဖြေရှင်းသွားမယ်လို့ စဉ့်ကူးအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ပြော

Author CJ Platform
Categories
Published on Oct 13, 2025

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာအနီးမှာ ဒေသခံပြည်သူနဲ့ တော်လှန်ရေးရဲဘော်တို့ အချေအတင်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာယကံရှင်မိသားစုနဲ့ တွေ့ဆုံဖြေရှင်းသွားဖို့ စီစဉ်နေတယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက CJ Platform ကို ပြောပါတယ်။

 

အခုလ အောက်တိုဘာ ၁၁ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ လက်ပံလှရွာအနီး မင်းရွာက ဒေသခံပြည်သူနေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ရဲဘော်တွေ၊ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ စဉ့်ကူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ ဝင်ရောက်လာပြီး Starlink အသုံးပြုရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာတာကြောင့် လာရောက်သိမ်းဆည်းချိန် နှစ်ဖက်အချေအတင်ငြင်းခုံမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ အရေးယူဆောင်ရွက်ဖို့အတွက်ကို ကျွန်တော်တို့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ ဆက်လက်ပြီးတော့မှ ဆွေးနွေးလျက်ရှိပါသေးတယ်။ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကာယကံရှင်မိသားစုနဲ့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတွေနဲ့လည်း မျက်နှာစုံညီတွေ့ဆုံပြီးတော့မှ ဆွေးနွေးဖြေရှင်းသွားဖို့လည်း စီစဉ်ထားပါတယ်” လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုပါဘလိုက ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးကော်မတီက ဒေသတွင်း Starlink ကို မျှဝေသုံးစွဲတာ ခွင့်မပြုဘူးလို့ ထုတ်ပြန်ထားပေမဲ့ ကန်တောင်ရွာ၊ ကျည်တောက်ပေါက်ရွာနဲ့ နွယ်ရုံရွာတို့မှာ မျှဝေအသုံးပြုနေတာမျိုးတွေ ရှိနေတယ်လို့ ဒေသခံက CJ Platform ကို ပြောပါတယ်။

 

“အခု Starlink သုံးတဲ့အိမ်က ဘေးအိမ်နဲ့ မျှသုံးဖို့အတွက် ကျေးရွာဥက္ကဋ္ဌကို ပြောပြီးသုံးတာ၊ သူတို့က တချို့တွေနဲ့ အဲဒီလို မျှသုံးကြတာ၊ ဆိုင်ဖွင့်ထားတာတွေ ရှိတယ်။ တခြားနေရာတွေမှာလည်း အဲဒီလိုပဲ သုံးကြတယ်။ အခုဖြစ်တဲ့ဖြစ်စဉ်က မကျေနပ်လို့ တိုင်ရာကနေ ဖြစ်တာ” လို့ လက်ပံလှရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒေသခံပြည်သူနဲ့ MDY PDF၊ ပကဖ၊ ပလဖတို့ အချေအတင်ပြောဆိုငြင်းခုံမှု ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် ဝေဖန်မှုတွေ မြင့်တက်လာချိန် တာဝန်ကျရဲဘော်တွေဟာ ပြည်သူအပေါ် လိုက်နာဆက်ဆံရမယ့် စည်းကမ်းကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့ပြီး စိတ်လိုက်မာန်ပါအပြုအမူတွေနဲ့ တုံ့ပြန်ခဲ့တာကိုလည်း တွေ့ရတယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က မနေ့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

“အုပ်ချုပ်ရေးတာဝန်နဲ့ လုံခြုံရေးတာဝန် ထမ်းဆောင်ရတဲ့ ရဲဘော်တွေကို အခုထက်ပိုပြီးတော့မှ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါမှာ ပြသနာအနည်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ကျွန်တော်တို့ဘက်ကနေ Public Relation နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာတွေ၊ Practical ရော Lecturing ရော ဒါတွေကို ပို့ချပြီးတော့မှ လေ့ကျင့်သင်ကြားပေးသွားဖို့လည်း ရှိပါတယ်” လို့ ကိုပါဘလိုက CJ Platform ကို ဆက်ပြောပါတယ်။

 

စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဥပဒေအရ အရေးယူဆောင်ရွက်ရာမှာ ပြည်သူတွေဖြစ်စေ၊ တပ်ဖွဲ့ဝင်တွေဖြစ်စေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဖြစ်စေ အားလုံးကို တပြေးညီဆောင်ရွက်တာမျိုး ရှိတယ်လို့ ကိုပါဘလိုက ပြောဆိုထားပြီး လက်ရှိဖြစ်ရပ်နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာခဲ့တဲ့ Starlink ပိုင်ရှင်တွေကိုလည်း အရေးယူသွားဖို့ ရှိမယ်လို့ ဆိုပါတယ်။