အမ်း-ပဒါန်း လမ်းဟောင်းနဲ့ လမ်းသစ်နှစ်ခုစလုံးကို AA ပူးပေါင်းတပ်တွေ ထိန်းချုပ်ပြီး နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်က အမ်း-ပဒါန်း လမ်းမဟောင်းနဲ့ လမ်းမသစ်နှစ်ခုစလုံးကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ရှေ့တန်းစစ်မြေပြင် သတင်းရင်းမြစ်တွေထံက သိရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းစခန်း (ရေဒါစခန်း) ကို အပြီးသတ်သိမ်းယူနိုင်ဖို့အတွက် AA နဲ့ ပူးပေါင်းတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေချိန် စစ်အုပ်စု စစ်ကူအင်အားဖြည့်တင်း ပို့ဆောင်မယ့် လမ်းကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ဂုတ်ကြီးရော၊ ဖိုက်တာကုန်းလို့ခေါ်တဲ့ ပဇီကိုရော ရပြီဆိုတော့ လမ်းဟောင်း/လမ်းသစ်ကိုတော့ ထိန်းချုပ်နိုင်ပြီပြောလို့ရပါတယ်။ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းနိုင်ပြီဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး၊ အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းပါ” လို့ AA နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ ရှေ့တန်းစစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုက လက်လွှတ်လိုက်ရတဲ့ ကာကင်းစခန်းတွေကို ပြန်လည်သိမ်းယူနိုင်ဖို့နဲ့ အမ်း-ပဒါန်းလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထဲမှာ အင်အား ၂၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်တင်းမှုတွေ ပြန်လည်လုပ်ဆောင်နေပြီး ပုသိမ်-မုံရွာလမ်းပိုင်းမှာလည်း ကင်းပုန်းဝပ်နေကြတယ်လို့ အခြားရှေ့တန်းစစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းစခန်းကို AA ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ပြီလို့ သတင်းထွက်ပေါ်နေပေမယ့် AA သတင်းပြန်ကြားရေးက ဒီနေ့ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းအထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
နတ်ရေကန်ဗျူဟာကုန်းစခန်းဝန်းကျင်မှာ ကာကင်းစခန်း ၁၈ ခုဝန်းကျင်ရှိနေပြီး အခု အောက်တိုဘာ ၉ ရက်ကလည်း စစ်အုပ်စု ဗိုလ်မှူးအဆင့်ရှိ ဦးဆောင်ကွပ်ကဲနေတဲ့ ဖိုက်တာကာကင်းစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးထံက သိရပါတယ်။
အမ်း-ပဒါန်းလမ်းမအနီးမှာ ရှိနေတဲ့ နတ်ရေကန်တာဝါတိုင်စခန်းနဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းတို့ဟာ စစ်အုပ်စုအတွက် အရေးပါတဲ့ စခန်းတွေလည်းဖြစ်ပြီး AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ထိုးစစ်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။ အခုနှစ် ဇွန်လဆန်းပိုင်းမှာတော့ နတ်ရေကန်တာဝါတိုင်စခန်းကို သိမ်းယူထားနိုင်ခဲ့ပေမယ့် ရေဒါစခန်းကိုတော့ အပြီးသတ်သိမ်းယူနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေခဲ့တာ ဖြစ်ပါတယ်။
ပုံစာ – စစ်အုပ်စုတပ်စွဲထားတဲ့ နတ်ရေကန်ဗျူဟာကုန်းကို Google မြေပုံမှတဆင့် မြင်ရပုံ