မြန်မာရွှေ့ပြောင်းကျောင်းသား ၉၀၀ ဝန်းကျင်တက်ရောက်နေတဲ့  စာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး ဆရာ၊ဆရာမများ ဖမ်းဆီးခံရ

Author CJ Platform
Categories
Published on Oct 10, 2025

ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ပြည်နယ်မှာ မြန်မာရွှေ့ပြောင်းကျောင်းသား ၉၀၀ ဝန်းကျင် ပညာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာ  ဆရာ၊ ဆရာမ ၂၇ ဦးကို ခွင့်ပြုချက်မရှိဘဲ စာသင်ကြားနေတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။

 

ဆမွတ်ဆာခွန်ပြည်နယ်၊ ကရထုန်ဘဲန်ခရိုင်၊ ထာ့မိုင်ရပ်ကွက်မှာ ရွှေ့ပြောင်းကလေးတွေ တက်ရောက်နေတဲ့ စာသင်ကျောင်းကို ပြည်နယ်အစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးနဲ့ တာဝန်ရှိသူပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မနေ့ အောက်တိုဘာ ၉ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒေသအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန် ရွှေ့ပြောင်းကျောင်းသား၊ ကျောင်းသူ ၉၀၀ ဝန်းကျင်ကို တွေ့ရှိခဲ့ပြီး စာသင်ကျောင်းဟာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်ကာ စာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေဟာလည်း  အလုပ်သမား Work Permit ကိုင်ဆောင်ပြီး ခွင့်ပြုချက်မရှိ စာသင်ကြားနေတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

 

အခု ဝင်ရောက်စီးနင်းခံရတဲ့ စာသင်ကျောင်းနေရာဟာ အရင်က ထိုင်းကျောင်းသား၊ ကျောင်းသူတွေအတွက် ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကျောင်းနေရာဖြစ်ပြီး နောက်ပိုင်းမှာ ထိုင်းအစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနက လိုင်စင်ရုပ်သိမ်းခဲ့တာကြောင့် ဒီကျောင်းနေရာကို ပိတ်သိမ်းထားတာလည်း ဖြစ်ပါတယ်။

 

ထာ့မိုင်ရပ်ကွက်အတွင်း လိုင်စင်ရုပ်သိမ်းခံထားရတဲ့ စာသင်ကျောင်းနေရာမှာ ရွှေ့ပြောင်းကလေး အများအပြား စာသင်ကြားနေတာကို ဒေသခံတွေက အာဏာပိုင်တွေထံ တိုင်ကြားခဲ့တာကြောင့် အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

 

စာသင်ကြားနေတဲ့ ကလေးအများစုဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန် ခြံဝင်းအတွင်း စာသင်ကြားရေး ခန်းမရှည်တွေပါတဲ့ အဆောက်အအုံ ၃ ခုကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

 

ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့သူတွေထဲမှာ ထိုင်းနိုင်ငံသားတစ်ဦးလည်း ပါဝင်နေပြီး သူဟာ အဲဒီရွှေ့ပြောင်းစာသင်ကျောင်းမှာ မန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဝန်ခံထွက်ဆိုချက်အရ ဒီမြေနေရာကို တိုင်းရင်းသားလူငယ်တွေ ဖွံ့ဖြိုးရေးသင်တန်း ဖွင့်လှစ်ဖို့ ငှားရမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံ ပညာရေးဥပဒေအရ နိုင်ငံတွင်း စာသင်ကျောင်းဖွင့်လှစ်ပါက ဒေသဆိုင်ရာအစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ရယူရမှာဖြစ်သလို စာသင်ကြားပေးတဲ့သူတွေဟာလည်း ခွင့်ပြုချက်လက်မှတ် ရရှိထားရမှာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Khaosod, Line Today