စစ်ရှောင်တွေ ရေလုံလောက်စွာ သုံးစွဲခွင့်မရလို့ အရေပြားယားနာ ဖြစ်ပွားနေ

စစ်ရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေဟာ အရေပြားယားနာဝေဒနာ ခံစားနေကြရပြီး ဆေးဝါးအကူအညီတွေ ဆက်လက်လိုအပ်နေကြဆဲဖြစ်တယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေဆီက သိရပါတယ်။
အခုလို အရေပြားယားနာဖြစ်ကြတဲ့ စစ်ရှောင်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေက နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူဖြစ်ပြီး စစ်ရှောင်တွေအတွက် ဆေးပေးခန်းတွေ ရှိနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရေလုံလောက်စွာ သုံးစွဲခွင့်မရတာ၊ လူဦးရေထူထပ်စွာ စုပေါင်းနေထိုင်ရတာတွေကြောင့်လို့ သိရပါတယ်။
“အညာဒေသက စစ်ရှောင်တွေများတဲ့ နေရာတွေမှာ ဖြစ်တာများတယ်ဗျ။ လုံလောက်တဲ့ရေမရရှိတာ၊ လူတွေအများနဲ့ စုပေါင်းနေထိုင်ကြရတာကြောင့်ပါ၊ ကလေးနဲ့ လူကြီးပိုင်းတွေများတယ်လို့” S & C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် တိမ်းရှောင်နေကြသူတွေအတွက် သီးခြားစစ်ရှောင်စခန်း ဖွင့်လှစ်နိုင်ခြင်း နည်းပါးတာတွေကြောင့် စစ်ရှောင်တွေအနေနဲ့ နီးစပ်ရာ တောတောင်တွေနဲ့ လယ်ယာမြေတွေမှာ ယာယီတဲထိုးနေကြရသလို နီးစပ်ရာ ကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်နေရတာတွေ စသဖြင့် ပုံစံမျိုးစုံဖြင့် စစ်ဘေးရှောင်နေကြရပါတယ်လို့ စစ်ရှောင်တွေနဲ့ ကူညီသူတွေဆီက သိရပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာလည်း ကျေးရွာ ၁၅ ရွာခန့်က ဒေသခံ နှစ်သောင်းကျော်က နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး စစ်ရှောင်တွေအကြား အသက် ၁၇ နှစ်အောက် ကလေးငယ်တွေမှာလည်း အနာ၊ အဖု၊ အပိမ့်တွေ စတဲ့ အရေပြားယားနာဝေဒနာကို ခံစားနေရကြောင်း စစ်ရှောင်တွေအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
အရေပြားယားနာကို အခုနှစ်အစ ဇန်နဝါရီလလောက်ကတည်းက စစ်ရှောင်တွေကြား ဖြစ်ပွားနေတာတွေ တွေ့ရပေမယ့် ပျောက်ကင်းခြင်းမရှိသလို မြေပြင်ကူညီရေးအဖွဲ့တွေက ဆေးဝါးကုသမှုပေးတာတွေ ရှိနေပေမယ့် လုံလောက်စွာ ဆေးဝါးမရရှိတာ၊ ဆေးဝါးဝယ်ယူရန် ငွေကြေးနဲ့ ထောက်ပံ့ကူညီမှုရရှိရေး စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေအတွက် လုံလောက်တဲ့ ရေရရှိရေး၊ လူအများစုပေါင်းနေထိုင်ရကာ ရောဂါကူးစက်လွယ်တဲ့ အခြေအနေတွေကြောင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်စုရဲ့ ဆေးဝါးသယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ဖမ်းဆီးတာတွေကြောင့် မြေပြင်ကူညီသူတွေအတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ အချိန်မီ ဆေးဝါးရရှိရေး အခက်အခဲတွေ တွေ့ကြုံနေကြရပါတယ်။
ဓာတ်ပုံ – ပေးပို့