အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ထပ်မံတိုက်တွန်း

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ဟာ မနေ့ အောက်တိုဘာ ၉ ရက် နေပြည်တော်ခရီးစဉ်အတွင်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုတွေအတွင်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝနဲ့ အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများအား တွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရန် အကြံပြုပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တာကိုတော့ ဖုံးကွယ်ထားပါတယ်။
မလေးရှားဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့သာ ဖော်ပြထားပြီး ဘယ်အချက်တွေ ဆွေးနွေးခဲ့တယ်ဆိုတာကို မဖော်ပြဘဲ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အဓိကတိုက်တွန်းခဲ့ကြောင်းသာ အလေးပေးဖော်ပြထားပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် (ASEAN Five-Point Consensus) ဆိုတာကတော့ ၂၀၂၁ ခုနှစ်၊ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေက ချမှတ်ခဲ့တဲ့ သဘောတူညီချက် မူဘောင်တစ်ခုဖြစ်ပါတယ်။
ဒီဘုံသဘောတူညီချက် ၅ ချက်ကို စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့ပေမယ့်၊ ချမှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ယနေ့အချိန်အထိ ထိရောက်တဲ့ အကောင်အထည်ဖော်မှု လုံးဝမရှိသလောက် ဖြစ်နေပါတယ်။ အကြမ်းဖက်မှုတွေက ရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်လာခဲ့သလို၊ အထူးသံတမန်တွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်လို အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။
ဒီလို အကောင်အထည်မဖော်တဲ့အတွက် အာဆီယံအဖွဲ့က စစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဘဲ “နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်” (Non-political representative) သာ စေလွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။
အာဆီယံဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက ကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ အာဆီယံဥက္ကဋ္ဌရဲ့ အခန်းကဏ္ဍနဲ့အညီ လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Wisma Putra