ပြည်သူကို ဖိနှိပ်နေတဲ့ စစ်မှုထမ်းဥပဒေကို ထောက်ခံပြီး ဆက်လက်အကောင်အထည်ဖော်မယ်လို့ ဒေါ်သက်သက်ခိုင် ပြော

Author CJ Platform
Categories
Published on Oct 09, 2025

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က စစ်အုပ်စုရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်ခံပြီး လွှတ်တော်ထဲရောက်ပါက ပထမဆုံးအနေနဲ့ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ မနေ့ အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

အဲဒီသတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်ထဲရောက်ရင် ဘာအရင်ဆုံးလုပ်မှာလဲဆိုတဲ့ မေးမြန်းမှုအပေါ် ဒေါ်သက်သက်ခိုင်က အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

“ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျွန်မတို့ပါတီက မငြင်းပယ်ပါဘူး။ လက်ခံပါတယ်။ ဒါ နိုင်ငံတော်က လိုအပ်လို့ လုပ်တာဖြစ်တယ်ဆိုတာ ကျွန်မတို့ အားပေးထောက်ခံပါတယ်။ သို့သော်လည်း အကောင်အထည်ဖော်နေတဲ့ ပုံစံ မှားယွင်းနေတာကိုတော့ ပြည်သူ့အသံကို နားထောင်ပြီးတော့မှ ဥပဒေ၊ နည်းဥပဒေအတိုင်း အကောင်အထည်ဖော်ဖို့ ကျွန်မတို့ ဆောင်ရွက်ချင်ပါတယ်” လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

 

စစ်အုပ်စုက စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အသက်သွင်းခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် ၁ ခုလျှင် သင်တန်းသား ၅,၀၀၀ နှုန်းနဲ့ ခေါ်ယူသွားမယ်လို့ ကြေညာခဲ့ပြီးနောက် လက်ရှိမှာ စစ်မှုထမ်းအပတ်စဉ် ၁၇ ထိ ဖွင့်လှစ်ထားပါတယ်။

 

မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁၂ အထိကို စစ်မှုထမ်းအရေအတွက် စစ်အင်အား (၅၈,၀၀၀) ကျော် စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

 

စစ်အုပ်စုဟာ လူငယ်တွေကို ပြည်ပထွက်ခွာခွင့်ကိုပါ ပိတ်ထားပြီး စစ်မှုထမ်းဆင့်ခေါ်တဲ့ အမိန့်စာရရှိသူတွေကို စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွင့်မပြုဖို့ အခုနှစ် ဇန်နဝါရီလမှာ စစ်အုပ်စုက ဥပဒေအသစ်ထပ်ပြီး အသက်သွင်းထားပါတယ်။

 

စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူတွေဟာ နိုင်ငံအနှံ့က စစ်မြေပြင်ကို ပို့ဆောင်ခံရပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ထွက်ပြေးတာတွေလည်း ရှိသလို သေဆုံးတာတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

 

ဒီလို အခြေအနေတွေကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ ရှိနေချိန်မှာ ဒေါ်သက်သက်ခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောလာတာလည်းဖြစ်ပါတယ်။

 

ဒါ့အပြင် ဒေါ်သက်သက်ခိုင်က အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးကို နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်ဘဲ အဂတိလိုက်စားလို့ ထောင်ကျခံနေရသူတွေသာ ဖြစ်တယ်လို့ တိုက်ခိုက်ပြောဆိုခဲ့ပါသေးတယ်။

 

ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၉ ခုနှစ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ရာမှာ မဲဆန္ဒနယ်တစ်နေရာမှ အနိုင်မဲမရခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ စစ်အုပ်စုရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှာ အခုနှစ် ဇန်နဝါရီလအထိ ပြည်ထောင်စုဝန်ကြီးအဖြစ် နေရာရခဲ့ပါတယ်။

 

လက်ရှိမှာ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း ဒေါ်သက်သက်ခိုင်ရဲ့ ပါတီဟာ နိုင်ငံတစ်ဝန်း စည်းရုံးမယ့် ပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းအရေအတွက် ၆၇၀ ကျော် အမည်စာရင်း တင်သွင်းထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်