စစ်အုပ်စု စစ်ကြောင်း သီပေါမြို့ကို ဦးတည်လာ

Author CJ Platform
Categories
Published on Oct 09, 2025

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နဲ့ ကုန်လမ်းခရီး မိနစ် ၃၀ခန့်သာ ဝေးတဲ့ ကျောက်မဲမြို့နယ် လွယ်ခေါ်ရွာအနီးထိ စစ်အုပ်စု စစ်ကြောင်း ရောက်ရှိလာနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

လွယ်ခေါ်ရွာအနီး တိုက်ပွဲတွေပြင်းထန်နေတာကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) သတင်းပြန်ကြားရေးတာဝန်ခံကလည်း CJ Platform ကို အတည်ပြုပြောပါတယ်။

 

လွယ်ခေါ်ရွာအနီးထိ ရောက်ရှိလာတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ သီပေါမြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတာ ဖြစ်နိုင်ကြောင်းကို စစ်ရေးလေ့လာသုံးသပ်သူတွေကလည်း ဆိုပါတယ်။

 

“သီပေါက သိပ်မကြာခင် စကစ ပြန်ထိန်းချုပ်သွားနိုင်ပါတယ်။ TNLA အနေနဲ့ ခုခံဖို့ အခက်အခဲအများကြီး ရှိနေတာကြောင့် ကြာရှည်ထိန်းမယ် မထင်ပါဘူး” လို့ MDSI တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

သီပေါမြို့ကို စစ်အုပ်စုက ကျောက်မဲ၊ လားရှိုးနဲ့ နောင်ချိုတို့ကနေ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်နိုင်တာကြောင့် TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ကာကွယ်ရေးအတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း အမည်မဖော်လိုသူ ရှမ်းမြောက်စစ်မြေပြင်ရှိ တပ်ရင်းမှူးတစ်ဦးကလည်း ဆိုပါတယ်။

 

ရှမ်းပြည်ထဲက အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တအာင်းတပ်မတော်  (TNLA) တစ်ဖွဲ့သာ စစ်အုပ်စုကို ဆက်လက် ခုခံတိုက်စစ်ဆင်နေတာကြောင့် စစ်အုပ်စုဟာ စစ်ရေးအရ အရှိန်မြှင့်ဖိအားပေး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

 

“ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတာ TNLA တစ်ဖွဲ့ပဲရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေ ပါဝင်ဖို့ ကျွန်မတို့ ကြိုးပမ်းတာမျိုးတွေ ရှိပါတယ်။ စစ်ရေးဖိအားကတော့ အပြင်းအထန်ခုခံဆောင်ရွက်နေတာမျိုးတွေရှိတယ်” လို့ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က သတင်းစာရှင်းလင်းပွဲမှာ CJ Platform ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပါတယ်။

 

စစ်အုပ်စုဟာ ကျောက်မဲမြို့ကို ပြန်လည်သိမ်းယူပြီးချိန် ကျောက်မဲခရိုင်ထဲမှာ ရှိနေတဲ့ သီပေါမြို့အပါအဝင် နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့တို့ကို စစ်အုပ်စုက အခုတစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂၀ နီးပါး သေဆုံးခဲ့ကာ ၂၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ရှမ်းပြည်ထဲက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေဖြစ်တဲ့ ”‘ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) နဲ့  ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့က စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲထားတာကြောင့် အင်အားကြီး TNLA အနေနဲ့ စစ်ရေးဖိအားတွေ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – TNLA