ကွမ်းရွက်ဈေးကျဆင်းပြီး ဈေးကွက်ပျောက်တာကြောင့် သထုံမြို့က တောင်သူတွေ ကွမ်းခြံတွေကို စွန့်ခွာ

Author CJ Platform
Categories
Published on Oct 08, 2025

ကွမ်းရွက်ဈေးနှုန်း ဆက်တိုက်ကျဆင်းပြီး ဈေးကွက်ပျောက်ဆုံးနေတာကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ်က ကွမ်းစိုက်တောင်သူတွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရပြီး ကွမ်းခြံတွေကို ပစ်ထားရတဲ့အထိ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကွမ်းစိုက်တောင်သူတွေဆီက သိရပါတယ်။

 

သထုံမြို့နယ်က ထွက်တဲ့ ကွမ်းရွက်တွေကို ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို အဓိက တင်ပို့ရောင်းချနေရတာပါ။ လက်ရှိမှာတော့ မဲဆောက်မြို့ကို ပို့ဆောင်ရာ လမ်းပိတ်ဆို့မှုတွေ၊ တိုက်ပွဲနဲ့ ရေကြီးတာတွေကြောင့် လမ်းမှာပဲ အချိန်ကြာမြင့်ကာ ကွမ်းရွက်တွေ ပျက်စီးမှုနဲ့ ရင်ဆိုင်ရတာအပြင် သထုံမြို့ကနေ မြဝတီမြို့ကို တင်ပို့တဲ့ တန်ဆာခဟာ အလိပ် ၅ ပါ တစ်ခြင်းကို ၅၀,၀၀၀ ကျပ်ထိ ကုန်ကျနေတာဖြစ်ပါတယ်။

 

ဒါ့အပြင် မြန်မာကျပ်ငွေဈေးနှုန်း ကျဆင်းမှုကြောင့် မဲဆောက်မြို့ကို ပို့ဆောင်ရောင်းဝယ်ရာမှာ ငွေလဲလှယ်နှုန်း မတည်ငြိမ်ဘဲ ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

“ကွမ်းခြံတွေက ရှုံးတာ ပိုးစိုးပက်စက်ပေါ့။ ထည့်ထားတဲ့ အရင်းတွေ ပြန်တောင်ပြန်မပေါ်ဘူး။ လမ်းအခြေအနေက မကောင်းဘူး၊ ဟိုပိတ်ဒီပိတ်ဆိုတော့ သူတို့ ဈေးမပေးဘူး” လို့ သထုံမြို့မှ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဝယ်လက်ပျောက်ဆုံးပြီး သွင်းအားစုဈေးနှုန်းတွေ မြင့်တက်လာနေချိန်မှာ ခြံကွမ်း (ကွမ်းရိုင်း) တစ်လိပ်ကို ၃ ရာကျပ် ဝန်းကျင်သာ ဈေးနှုန်းရရှိနေပါတယ်။ အရင်နှစ်တွေက ယာကွမ်းတစ်ပိဿာကို ၄ ထောင်ကျပ်ကနေ ၅ ထောင်ကျပ်ထိ ဈေးနှုန်းရရှိပေမယ့် ဒီနှစ်မှာတော့ ယာကွမ်းတစ်ပိဿာကို ၂ ထောင်ကျပ်ကနေ ၃ ထောင်ကျပ်ထိသာ ဈေးနှုန်းရရှိနေပါတယ်။ ဒါ့ကြောင့် တောင်သူတွေဟာ သွင်းအားစုကုန်ကျစရိတ်အောက်ကိုသာ ဈေးနှုန်းရရှိနေတဲ့ ကွမ်းခြံတွေကို ပစ်ထားရတဲ့အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

သွင်းအားစုဈေးနှုန်းတွေဟာ ကွမ်းပင်အားဖြည့်ရေးအတွက် မြေဩဇာတစ်စည်းကို ၅ သောင်းကျပ်၊ ကွမ်းခြံတိုင်ဝါးတစ်တိုင်ကို ၃၀၀ ကျပ်ကနေ ၁,၃၀၀ ကျပ်ထိ ရှိနေပြီး နေ့စားလုပ်သားခမှာလည်း တစ်ရက်ကို ၁၃,၀၀၀ ကျပ်ထိ ဈေးနှုန်းတွေ မြင့်တက်နေခဲ့ပါတယ်။

 

သထုံမြို့က ကွမ်းစိုက်တောင်သူတွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် စိုက်ပျိုးသူ နည်းပါးလာပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဘက်က ကွမ်းတွေပါ ဒေသတွင်းမှာ ပြန်လည်ဝယ်ယူအသုံးပြုနေကြတယ်လို့ ကွမ်းစိုက်တောင်သူတွေဆီက သိရပါတယ်။

 

“ကွမ်းလေးစိုက်တယ်၊ အရင်နှစ်တွေတုန်းက အရောင်းအဝယ်နည်းနည်းကောင်းသေးတယ်။ ဒီနှစ်တစ်နှစ်က လုံးဝ အရောင်းအဝယ်မကောင်းဘူး။ ကွမ်းလည်းမရှိဘူး။ ရှိတဲ့ကွမ်းလေးနည်းနည်းလည်း ရောင်းလို့မကုန်ဘူး” လို့ သထုံမြို့မှာ နေထိုင်တဲ့ ကွမ်းအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ကွမ်းဈေးကွက်ထိုးကျတာနဲ့ ကွမ်းခြံလုပ်ငန်းမှာ အမြတ်မရနိုင်တော့တဲ့အတွက် လူငယ်တွေဟာ ကွမ်းခြံတွေကို ပစ်ထားပြီး ပြည်ပမှာ အလုပ်ထွက်လုပ်တာတွေကြောင့် လုပ်သားရှားပါးမှုလည်း မြင့်တက်နေပြီး လုပ်အားခတွေလည်း မြင့်တက်နေကာ ကွမ်းမစိုက်နိုင်တော့တဲ့ အခြေအနေဖြစ်နေတယ်လို့ ကွမ်းစိုက်တောင်သူတွေက ဆိုပါတယ်။