ဟိုပန်ခရိုင်မှာ မြေအောက်လိုဏ်ခေါင်းတူးပြီး ရွှေဆိုင်ဖောက်ထွင်းခဲ့သူ ဆိုသူကို ဖမ်းဆီးရမိ

Author CJ Platform
Categories
Published on Oct 07, 2025

ရှမ်းပြည်အရှေ့ပိုင်း၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့မှာ မြေအောက်လိုဏ်ခေါင်းတူးပြီး ရွှေဆိုင်ဖောက်ထွင်းခိုးယူခဲ့သူလို့ ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီလို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တရားစီရင်ရေးဌာန ရဲတပ်ဖွဲ့ (WSP) က အခု အောက်တိုဘာ ၃ ရက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က UWSA ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်တစ်မြို့က တရုတ်လူမျိုးပိုင် “ဟောင်ကောင်” ရွှေဆိုင် ဖောက်ထွင်းခိုးယူခံရတာဖြစ်ပြီး ဖောက်ထွင်းသူဟာ ရေနုတ်မြောင်းကနေတစ်ဆင့် မြေအောက်လိုဏ်ခေါင်းတူးပြီး ဆိုင်အတွင်းကို ဖောက်ထွင်းဝင်ရောက်ခဲ့တာပါ။

လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ CCTV ဗီဒီယိုမှတ်တမ်းတွေအရ မြေအောက်လိုဏ်ခေါင်းကနေတစ်ဆင့် ဆိုင်အတွင်း ဝင်ရောက်ခဲ့တာကို တွေ့မြင်ခဲ့ရပြီး ဖောက်ထွင်းဝင်ရောက်ခဲ့သူကတော့ တစ်ဦးတည်းဖြစ်နေတာကို တွေ့ရပါတယ်။

 

ကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ဖို့အတွက် ဟိုပန်ခရိုင် တရားစီရင်ရေးဌာနက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာ WSP နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။ သူနဲ့အတူ ခိုးယူခဲ့တဲ့ လက်ဝတ်ရတနာတွေနဲ့ ငွေသားတွေကိုလည်း ပြန်လည်သိမ်းဆည်းရရှိခဲ့တယ်လို့ WSP က ဖော်ပြထားပေမဲ့ တန်ဖိုးပမာဏကိုတော့ သီးခြားမဖော်ပြထားပါဘူး။

 

မြေအောက်လိုဏ်ခေါင်းတူးပြီး အခုလို ရွှေဆိုင်ဖောက်ထွင်းခိုးယူမှုကို “ဝ” ပြည်နယ် တရားစီရင်ရေးဌာနက အရေးကြီးဖြစ်စဉ်အနေနဲ့ သတ်မှတ်ခဲ့ပြီး သံသယရှိသူကို ဖမ်းဆီးနိုင်ဖို့ နည်းပညာအကူအညီ၊ “ဝ” ပြည်နယ် ဌာနပေါင်းစုံအကူအညီနဲ့ ရှာဖွေဖော်ထုတ်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ရွှေဆိုင်ဖောက်ထွင်းသူလို့ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း WSP က ဖော်ပြထားပေမဲ့ ကျူးလွန်သူရဲ့ အချက်အလက်အသေးစိတ်ကိုတော့ သီးခြားဖော်ပြထားတာမျိုး မရှိပါဘူး။ “ဝ” ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ “ဝ” လူငယ်အသံမှာတော့ ကျူးလွန်သူလို့စွပ်စွဲခံရသူဟာ ကွမ်လုံခရိုင်၊ တောင်ကျတ်မြို့နယ်၊ တောင်ကျတ်ရွာနေ အသက် ၂၇ နှစ်အရွယ် ဖူကျာချန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

အခုလက်ရှိ “ဝ” ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ကျူးလွန်သူလို့ စွပ်စွဲခံရသူကို တရားဥပဒေအရ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသွားမယ်လို့လည်း ဆိုပါတယ်။ “ဝ” ပြည်နယ် ထိန်းချုပ်ဒေသမှာ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုနဲ့ ခိုးမှုတို့ ကျူးလွန်ပါက ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်တာမျိုးတွေ ရှိပြီး သေဒဏ်အထိ ချမှတ်တာလည်း ရှိပါတယ်။

 

ဓာတ်ပုံ – WSP