မြန်မာ့ရိုးရာ ပန်းယွန်းပညာနဲ့ ချယ်သထုတ်လုပ်လိုက်တဲ့ ယွန်းဂီတာ

မြန်မာ့ရိုးရာ သုခုမအနုပညာဖြစ်တဲ့ ပန်းဆယ်မျိုးထဲက ပန်းယွန်းပညာနဲ့ ချယ်သပြီး ထုတ်လုပ်လာတဲ့ ယွန်းဂစ်တာကို နိုင်ငံတကာက အနုပညာလက်ရာ စုဆောင်းသူတွေနဲ့ မြန်မာ့ရိုးရာအနုပညာ ချစ်မြတ်နိုးသူတွေအကြား ကြိုက်နှစ်သက်နေသူတွေ များပြားနေပြီး ဝယ်ယူစုဆောင်းလိုသူတွေလည်း များပြားနေတယ်လို့ ယွန်းဂစ်တာထုတ်လုပ်ရောင်းချသူတွေဆီကနေ သိရပါတယ်။
သမားရိုးကျ ဂစ်တာတစ်လက်ပေါ်မှာ စတင်ထုတ်လုပ်ချိန်ကတည်းက မြန်မာ့ယွန်းပညာနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် မြန်မာ့မှုလက်ရာတွေကို ထည့်သွင်းထားပြီး လက်တွေ့တီးခတ်လို့ရတဲ့ ဂစ်တာတစ်လက် ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ မှာနေကျ စစ်ကိုင်းက ဂစ်တာလုပ်ငန်းရှိတယ်ပေါ့၊ အဲဒီလုပ်ငန်းကနေ ဂစ်တာကို စမ်းပြီးတော့ ဂစ်တာကို ယွန်းထည်နဲ့တွဲပြီး ပေါင်းစပ်ဖန်တီး ထုတ်လုပ်ကြည့်ချင်တာပေါ့” လို့ ZKL-Guitar Guide က တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဇင်ကိုလတ်က ပြောပါတယ်။
ZKL-Guitar Guide က ရောင်းချပေးနေတဲ့ ယွန်းဂစ်တာတွေကို စစ်ကိုင်းမြို့မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပုဂံမြို့က ယွန်းပညာရှင်တွေက ပန်းယွန်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကိုင်းမှာ လုံးကြမ်း၊ လုံးကြမ်းဆိုတာကတော့ ဂစ်တာ body၊ ခါတိုင်းဆိုရင် ဂစ်တာလုပ်မယ်ဆိုရင် ဂစ်တာနဲ့ ပတ်သက်တာတွေ အကုန်လုံး အချောသတ်လုပ်ပြီးသွားရင် ဆေးမှုတ်ရတယ်ပေါ့။ အဲဒီဆေးမှုတ်တဲ့အပိုင်းကို မရောက်တော့ဘူးပေါ့နော်၊ ဘာလို့လဲဆိုရင် ဂစ်တာလုံးကြမ်းပြီးရင် သူက ပုဂံကို ပို့မှာပေါ့။ ပုဂံမှာ သူ့ရဲ့ဆွေမျိုးတွေကလည်း ယွန်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်တဲ့သူတွေပဲဆိုတော့ သူတို့က ယွန်းပန်းချီကို ကောင်းကောင်းဆွဲနိုင်တယ်” လို့ ကိုဇင်ကိုလတ်က ဆက်ပြောပါတယ်။
ယွန်းဂစ်တာကို သစ်စေးနဲ့ ရှစ်ကြိမ်ထိ ပေါင်းတင်ပြီးမှ ကညစ်နဲ့ အနုပညာလက်ရာတွေကို ပုံဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယွန်းဂစ်တာဟာ နံရံအလှချိတ်ဆွဲထားတာအပြင် လက်တွေ့မှာလည်း တီးခတ်လို့ရတဲ့ ဂစ်တာတစ်လက်ဖြစ်အောင်ထိ အဆင့်ဆင့် စိစစ်ကာ ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ယွန်းဂစ်တာကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ ZKL-Guitar Guide ဂစ်တာဆိုင်မှာ ဝယ်ယူနိုင်ပြီး ယွန်းဂစ်တာတစ်လုံးကို မြန်မာငွေကျပ် ၈ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ရှေးဟောင်းဗိသုကာပညာရှင်တစ်ဦး ဖြစ်သူ ကိုဇေမျိုးလင်းကလည်း “ဒါမျိုးကတော့ အားပေးရမယ်။ အိပ်မောကျနေတဲ့ မြမ္မာမှုယွန်းထည်လောကကို လှုပ်နှိုးလိုက်တာပါပဲ။ လုပ်ရဲကိုင်ရဲတဲ့ ZKL Guitar Guide Official ကို ကျေးဇူးတင်တယ်။ ကညစ်ရေးတဲ့လူအစ မြန်မာမှုယွန်းထည်သမားတွေ အားလုံးကို ကျေးဇူးတင်တယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မှတ်ချက်ပြုထားပါတယ်။
မြန်မာ့ရိုးရာ ပန်းဆယ်မျိုးဖြစ်တဲ့ ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းတဉ်း အနုပညာတွေဟာ ကျွမ်းကျင်ပညာရှင်များ နည်းပါးလာခြင်း၊ ဈေးကွက်ဝယ်လိုအား နည်းပါးလာခြင်းတွေကြောင့် တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပါတယ်။
ဓာတ်ပုံ – ZKL Guitar Guide