BGF ထိန်းချုပ်နယ်မြေက လောင်းကစားရုံဆီ လိမ်လည်ခေါ်ဆောင်ခံရတဲ့ ထိုင်းနိုင်ငံသား ၁၆ဦးကို နေရပ်ပြန်ပို့

Author CJ Platform
Categories
Published on Oct 06, 2025

ကရင်ပြည်၊ မြဝတီမြို့နယ် ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်နယ်မြေအတွင်း အသစ်ဖွင့်လှစ်တဲ့ လောင်းကစားရုံမှာ လစာနှုန်းထားမြင့်မားစွာ ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၆ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Matichon online မှာ ဖော်ပြထားပါတယ်။

ထိုင်းစစ်တပ် နယ်ခြားစောင့် အထူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသား ၁၆ ဦးဟာ လစာနှုန်းထား မြင့်မားစွာရမယ်ဆိုတဲ့ ကြော်ငြာကို လူမှုကွန်ရက်ကနေတဆင့် တွေ့ရှိခဲ့တာကြောင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ မြဝတီမြို့ထဲ ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသား ၁၆ ဦး ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ လောင်းကစားရုံဟာ BGF ထိန်းချုပ်ဒေသထဲမှာ အသစ်ဖွင့်လှစ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံသားတစ်ဦး ပိုင်ဆိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

လောင်းကစားရုံမှာ အလုပ်လုပ်ကိုင်နေရတဲ့ ထိုင်းနိုင်ငံသား ၁၆ ဦးအရေးနဲ့ပတ်သက်ပြီး လူကုန်ကူးမှုအတွင်း နစ်နာခဲ့ရသူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုကလည်း ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဗီရာကူလ်၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့နဲ့ BGF ခေါင်းဆောင် စောချစ်သူတို့ထံ တိုင်ကြားစာ ပေးပို့ခဲ့ပါသေးတယ်။

 

အွန်လိုင်းကနေတစ်ဆင့် အလုပ်ခေါ်ချိန် လစာနှုန်းထားမြင့်မားစွာ ပေးမယ်လို့ဆိုကာ ခေါ်ဆိုခဲ့ပေမဲ့ လုပ်ငန်းခွင်အတွင်း သတ်မှတ်နှုန်းထားလစာ မရရှိခဲ့တာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိုင်းအာဏာပိုင်တွေထံ ဆက်သွယ်ကာ နေရပ်ပြန်ဖို့ အကြောင်းကြားခဲ့တာဖြစ်ပြီး မနေ့ အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီမှာ ထိုင်းနယ်ခြားစောင့် အထူးတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

 

နေရပ်ပြန်ပို့ အကူအညီတောင်းခံခဲ့တဲ့ ထိုင်းနိုင်ငံသား ၁၆ ဦးထဲမှာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ ပါဝင်ခဲ့ပြီး ထိုင်းနယ်ခြားစောင့်တပ် အထူးတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြန်လည်ကယ်တင်နိုင်ခဲ့သလို သူတို့တွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – ThaiPost, Matichon online