ဒေသခံတွေ သဘောမတူဘဲ ရွှေမျှောစီမံကိန်း လုပ်ပိုင်ခွင့်တွေကို ခွင့်ပြုပေးတဲ့ မင်းကင်း ပကဖနဲ့ပအဖ နှစ်ကြိမ်ဆက်တိုက် ဆန္ဒပြခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျွန်း ရွှေမျောစီမံကိန်းကို တော်လှန်ရေးတပ်ဖွဲ့တချို့က ဒေသခံတွေရဲ့ သဘောမပါဘဲ လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ချထားပေးတာကြောင့် မင်းကင်းမြို့နယ်က ဒေသခံ ထောင်နဲ့ချီပြီး မနေ့ အောက်တိုဘာ ၅ ရက်နေ့မှာ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေး လောင်းပြည့်ကျေးရွာအနီးက မြေနုကျွန်းပေါ်မှာ ရွှေတူးဖော်ဖို့ စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ အကောင်အထည်ဖော် ဆောင်ရွက်နေကြတာဖြစ်ပြီး၊ တော်လှန်ရေးအကျိုးအတွက် ရွှေမျောတွေကို လုပ်ကိုင်ခွင့်ပြုမယ်ဆိုတာ မယုံကြည်တာနဲ့ ရွှေမျောတွေကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်တွေကို စိုးရိမ်တာကြောင့် ဒေသခံတွေက ထပ်မံဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။
“ဆန္ဒပြမှုတွေက ကိုယ်ကျိုးအတွက် အသုံးပြုမှု၊ နောက်ပြီး မြို့နယ် ပကဖ တာဝန်ခံ ဦးညိုလွင်ရဲ့ မုဒိမ်းမှု၊ အချင်းချင်း လိုက်ဖမ်းဆီးမှု၊ အချင်းချင်း လိုက်ဖမ်းဆီးထိန်းသိမ်းမှု ဒါတွေရော အကုန်ပါပါတယ်။ လူထုက ယုံကြည်မှု မရှိတော့တာပါ။ ပကဖနဲ့ ပအဖက ထင်သလို ခြိမ်းခြောက်၊ လုပ်ချင်သလို လုပ်လို့ပါ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
လောင်းပြည့်ကျွန်းဟာ ဒေသခံတွေ သီးနှံစိုက်ပျိုးကာ လုပ်ကိုင်စားသောက်နေတဲ့ မြေနေရာဖြစ်တဲ့ အပြင် ၊ ရွှေတူးဖော်မှုကြောင့် ကမ်းပါးပြိုကျပြီး ကျေးရွာမြေတွေ ပျက်စီးမှာကိုလည်း ဒေသတွေက စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတွေ သဘောတူညီမှု မပါဝင်တဲ့ ရွှေလုပ်ကွက်ချထားပေးမှုအပေါ် အောက်တိုဘာ ၂ရက်နေ့မှာ တစ်ကြိမ်၊ မနေ့ အောက်တိုဘာ ၅ရက်နေ့မှာ တစ်ကြိမ် ဒေသခံတွေစုပေါင်းပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
မြို့နယ် ပကဖ ဦးညိုလွင်နဲ့ မြို့နယ် ပအဖ ဦးဝင်းမင်းစိုးတို့ကို အလိုမရှိ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စွန့်လွှတ်ပေးဆပ်ခဲ့ရတာ တော်လှန်စီးပွားရေးသမားတွေ ချမ်းသာဖို့ NUG အစိုးရ လုပ်နေသလား၊ စတဲ့ ဆန္ဒပြစာသားတွေနဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ရွှေမျောလုပ်ငန်းတွေ စမယ် အသံကြားလို့ ဆန္ဒထပ်ပြတာ။ သူတို့က ပသုံးလုံးပေါ့၊ ဆန္ဒပြတာ ဘာဆန်းလဲ။ သူတို့က ဆန္ဒပြတာလေ သေနတ်နဲ့ ပစ်တာမဟုတ်ဘူးတဲ့။ ဆက်လုပ်စရာ လုပ်မှာပဲ ကြားလို့ ဆက်ပြနေတာ။ နောက်ထပ်လည်း မရပ်မချင်း ပြဦးမှာပဲ။ အာဏာရှင်ဆန်နေကြပြီဗျာ” လို့ အခြား ဒေသခံတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ရွှေမျောလုပ်ငန်းအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ရရှိထားတဲ့ အခွန်ငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိရှိ အသုံးမချတာ၊ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ လူထုအကျိုးပြုလုပ်ငန်းတွေမှာ ထောက်ပံ့မှု မရှိတာ၊ အခွန်ငွေတွေနဲ့ပတ်သက်ပြီး စာရင်းအတိအကျ ချပြနိုင်တာတွေ မရှိဘူးလို့ သိရပါတယ်။
“အရင်နှစ်တွေက မြောက်ချွန်း၊ ကမ်းပြည့်ရွာတွေက fund ငွေရှင်းတမ်း ပြည်သူလူထု မသိရဘူး။ ပညာရေး၊ ကျန်းမာရေး အကုန်လည်ပတ်မယ် ပြောပေမယ့် ကျောင်းတွေ၊ ကျန်းမာရေးစင်တာတွေမှာ ထိထိရောက်ရောက် အသုံးပြုခဲ့တာ မရှိဘူး။ ပသုံးလုံးက အစိုးရအာဏာ အလွဲသုံးစားလုပ်၊ အမြင်မတူတဲ့ အဖွဲ့အစည်းတွေ ဖမ်းဆီးပြီး ပြည်သူကို ခြိမ်းခြောက်၊ ရာဇဝတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်လာလို့ လူထုက အားမပေးတော့တာပါ” လို့ ဆန္ဒပြမှုမှာ ပါဝင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မင်းကင်းမြို့နယ်က ရွှေမျောတွေနဲ့ ပတ်သက်ပြီး CJ Platform အနေနဲ့ မင်းကင်းမြို့နယ် ပကဖ၊ ပအဖ တာဝန်ရှိသူတွေအပြင် NUG ကိုပါ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ပါတယ်။
မင်းကင်းမြို့နယ်အတွင်းက မြောက်ချွန်းကျေးရွာ၊ ကမ်းပြည့်စတဲ့ ကျေးရွာတွေမှာလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဒေသခံတွေရဲ့ သဘောတူညီချက်မပါဘဲ အခုလို ရွှေမျောလုပ်ခွင့်ကို လုပ်ငန်းရှင်တွေဆီ ရောင်းချခြင်းတွေ လုပ်ကိုင်ခဲ့ကြတာကြောင့် ဒေသတွင်း စိုက်ပျိုးမြေနေရာ ပျက်စီးတာ၊ ရေလမ်းခရီးအတွက် အတားအဆီးဖြစ်တာ၊ ကမ်းပြိုတာတွေအပြင် ဒေသခံတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။
ဓာတ်ပုံ – ပေးပို့