ရွေးကောက်ပွဲကာလ စစ်မှုထမ်းခေါ်ယူမှု မရပ်ဟု စစ်ကော်မရှင်ဆို၊ မဲစာရင်းစစ်ဆေးချိန်နဲ့ မဲပေးချိန်မှာ ပေါ်တာဆွဲခံရမှာကို လူငယ်တွေစိုးရိမ်နေ


လာမယ့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်းမှာ စစ်မှုထမ်းဆင့်ခေါ်တာကို ယာယီရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီသတင်းတွေကို ပယ်ချပြီး စစ်မှုထမ်းဆင့်ခေါ်မှုကို ရပ်တန့်မှာမဟုတ်ဘူးလို့ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ တရားဝင်ပြောကြားလိုက်ပါတယ်။

 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကော်မရှင်က အသက်သွင်းခဲ့ပြီးတဲ့နောက်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းစေမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲမတိုင်မီ ၆ လလောက် စစ်မှုထမ်းခေါ်ယူမှု ရပ်နားမယ်လို့ မျှော်လင့်ချက်သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မှာတော့ ရပ်နားမှုမရှိတဲ့အပြင် ပိုဆိုးလာနိုင်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

 

“ဒီတရားမဝင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာဆိုရင်လည်းပဲ အပြင်ထွက်လာတဲ့ လူငယ်တွေကို ဒီလိုအဓမ္မစစ်သားစုဆောင်းတဲ့ကိစ္စ မလုပ်ဘူးဆိုတာ ဘယ်သူမှ အာမခံပေးနိုင်မှာ မဟုတ်ပါဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

စစ်ကော်မရှင်က သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာ မဲစာရင်းတွေကပ်ထားပေမယ့် လူငယ်အများစုကတော့ မဲစာရင်းမှာ ကိုယ့်နာမည်ပါ၊ မပါ စစ်ဆေးဖို့ထက် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရမှာကို ပိုပြီးတော့ စိုးရိမ်နေကြတာဖြစ်ပါတယ်။

 

“မဲပေးရမယ်ဆိုရင်တော့ မပေးရဲဘူး၊ သူတို့အတွက် မဲပေးရမှာ ဖြစ်လို့ ဆွဲတော့မဆွဲလောက်ဘူး။ ဒါပေမဲ့ အလကားနေရင်းတောင် လိုက်ဆွဲနေတာဆိုတော့ ဆွဲမှာကို ကြောက်တယ်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို သူ့ရဲ့ စိုးရိမ်မှုနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

 

မဲရုံကိုလာတဲ့ လူငယ်တစ်ယောက်ကို ဖမ်းဆီးလိုက်တာနဲ့ တခြားမဲဆန္ဒရှင်တွေကိုပါ ထိတ်လန့်စေပြီး မဲအရေအတွက် ကျဆင်းသွားနိုင်တာကြောင့် ရွေးကောက်ပွဲကာလမှာ ဖမ်းဆီးမှုတွေ လျော့နည်းနိုင်တယ်လို့ အချို့က သုံးသပ်ကြပေမယ့် လုံခြုံရေးအတွက် အာမခံချက်မရှိတဲ့အပေါ်မှာတော့ စိုးရိမ်စိတ်တွေ ရှိနေကြဆဲဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာကောင်းတာကတော့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက်ပါ။ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေကတော့ ဒီနှစ် ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ လုပ်ခဲ့တဲ့ NSPNC နဲ့ နိုင်ငံရေးပါတီတွေရဲ့ အစည်းအဝေးသတင်းကို ဖော်ပြရာမှာတော့ နိုင်ငံရေးပါတီတွေက “ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေး” ကို အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားတာတွေလည်း ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ကနေ ၂၇ ရက်အထိ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာတော့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းတာကို ၆ လကနေ တစ်နှစ်အထိ ဆိုင်းငံ့ပေးဖို့ ဆွေးနွေးတောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

 

နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက် ဘယ်လိုပဲဖြစ်နေပါစေ၊ စစ်ကော်မရှင်ကတော့ သူတို့ရဲ့ စစ်အင်အားလိုအပ်ချက်အတွက် လူသစ်စုဆောင်းမှုတွေကို အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ စစ်ကော်မရှင်ရဲ့ စာရင်းတွေအရ သင်တန်းအမှတ်စဉ်တစ်ခုကို သင်တန်းသား ၅,၀၀၀ နှုန်းနဲ့ ခေါ်ယူနေပြီး စက်တင်ဘာလ ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ် ၁၇ အထိဆိုရင် စစ်မှုထမ်း ၈ သောင်းထက်မနည်း ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – စစ်အုပ်စုမှ စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခြင်းခံရသည့် လူငယ်များကို မြင်ရပုံ

 

 

Related News

Depend on news