ထောင်နဲ့ချီတဲ့ ပခုက္ကူဒေသခံတွေ မိုးထဲရေထဲ ရှောင်တိမ်းနေရ၊ ဖမ်းဆီးခံရသူတွေလည်း ရှိနေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ဒေသခံ တစ်ထောင်ခန့်ဟာ စစ်အုပ်စု စစ်ကြောင်းကြောင့် စက်တင်ဘာ ၃၀ ရက်နေ့ကစလို့ မိုးထဲရေထဲ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းဟာ စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ပခုက္ကူမြို့နယ်က ရေမျက်ရွာနဲ့ ပြည့်အိုင်ရွာတို့ကို စီးနင်းဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ယူဆောင်သွားသလို ပြည့်အိုင်ဒေသခံ နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
“စစ်ကြောင်းကြောင့် ကမ္မနားက ရွာတွေတော့ ရှောင်နေကြရတယ်၊ မနေ့ (စက်တင်ဘာ ၃၀) ကတည်းကတော့ ပြည့်အိုင်က နှစ်ယောက်က ပြန်လွတ်လာပါတယ်” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စု စစ်ကြောင်းဟာ ပြည့်အိုင်ရွာမှတစ်ဆင့် ညောင်ဂျစ်ပင်ပျူရွာကို ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ပခုက္ကူမြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးခဲ့တာကြောင့် ပြည့်အိုင်၊ ရေမျက်၊ ရွာသာအေး၊ အင်ကြင်းပင်၊ ချောင်းဦးတို စတဲ့ ကျေးရွာတွေက ဒေသခံ တစ်ထောင်ခန့်ဟာ မိုးထဲရေထဲမှာ ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့အထိ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“မိုးတွေ တအားရွာနေတော့ တောထဲရှောင်နေကြရသူတွေ အခက်ဖြစ်တယ်၊ တောထဲရှောင်တာဆိုတော့ အမိုးတွေဘာတွေ ကောင်းကောင်းမပါဘူး၊ သစ်ပင်အောက်တွေမှာပဲ ဖြစ်သလို နေကြရတယ်၊ ကလေးတွေလည်း ပါတော့ အခက်တွေ့တာပေါ့၊ တချို့လည်း နီးစပ်ရာ ရွာတွေမှာ ရှောင်နေကြရတယ်” လို့ RED GIANT က တာဝန်ရှိသူ ရဲဘော်ကိုဒေါင်းနီက CJ Platform ကို ပြောပါတယ်။
ရာသီဥတုဆိုးရွားနေတဲ့ကြားမှာ တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေအတွက်ကတော့ စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေသလို နာမကျန်းမှုတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် စစ်အုပ်စု စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာ ဖမ်းဆီးခံရသူတွေအနေနဲ့ ပြန်လွတ်မြောက်လာသူတွေ ရှိခဲ့သလို မနေ့က အောက်တိုဘာ ၁ ရက်နေ့က ချောင်းဦးတိုကျေးရွာမှာ ဖမ်းဆီးခံရသူ အမျိုးသားနှစ်ဦးဟာ ဒီကနေ့ မနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ကိုဒေါင်းနီက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူမြို့နယ်ကတစ်ဆင့် ကမ္မမြို့ဘက်ကို ဦးတည်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းအထိတော့ လှုပ်ရှားမှုမရှိသေးဘူးလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၈ ရက်နေ့က ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က ထွက်ရောက်လာတာဖြစ်ပြီး ရှင်မကန်နဲ့ ညောင်ဂျစ်ပင်ပျူရွာတွေမှာ တပ်စွဲကာ အခုလို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
ပုံစာ – မြိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို မြင်ရပုံ (ပုံဟောင်း)