မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်တိုးလာ

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် အခု ၂၀၂၅နှစ်အတွင်း ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်များလာနေပြီး စိုးရိမ်စရာ အခြေအနေ ရှိနေတယ်လို့ သုတေသနအစီရင်ခံစာတွေနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ကလည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် သေဆုံးသူအများဆုံးနိုင်ငံ ဖြစ်လာပြီး အန္တရာယ်အများဆုံးအခြေအနေ ဖြစ်နေတယ်လို့ အခုနှစ် ဖေဖော်ဝါရီလမှာ သတိပေးထားပါတယ်။
မနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာပဲ စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အေးချမ်းသာသုသာန်အနီးမှာ မြေမြှုပ်မိုင်း နင်းမိတာကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ နမ့်ခုံရှမ်းများ ပရဟိတအသင်း (ကျောက်မဲအသင်းခွဲ) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ပဲခူးတိုင်း၊ မုန်းမြို့နယ်မှာ မြေမြှုပ်မိုင်းကြောင့် ထင်းခွေနေတဲ့ အမျိုးသမီးတစ်ဦး ခြေနှစ်ချောင်းပြတ်ပြီး သေဆုံးခဲ့ရပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ဘေးရှောင်နေရတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပြစ်ရွာနဲ့ ပါမလုပ်ရွာက ဒေသခံအရပ်သားနှစ်ဦးဟာ နေအိမ်ကို ပစ္စည်းတွေ ပြန်ယူချိန် မိုင်းနင်းမိပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် ၂၀၂၅ ခုနှစ် ပထမ ၃ လအတွင်းမှာပဲ ထိခိုက်ဒဏ်ရာရသူ ၂၂၇ ဦးအထိ ရှိနေပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၄ ခုနှစ် တစ်နှစ်လုံးရဲ့ စုစုပေါင်းအရေအတွက်ထက် ၂၁ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းအသုံးပြုမှု သိသိသာသာ မြင့်တက်လာခဲ့ပြီး ကမ္ဘာမှာ ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် စာရင်းဝင်ခဲ့တယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine and Cluster Munition Monitor) က ထုတ်ပြန်ထားပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၈၀ ဦးသာ ရှိခဲ့ပေမယ့်၊ ၂၀၂၃ ခုနှစ်မှာတော့ ၁,၀၀၃ ဦးအထိ ရှိလာတာကြောင့် သုံးနှစ်အတွင်း လေးဆနီးပါးအထိ မြင့်တက်ခဲ့ပြီး ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအများဆုံးအဖြစ် စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို စစ်တပ်က အများဆုံးအသုံးပြုတာဖြစ်ပြီး၊ တော်လှန်ရေးအဖွဲ့တွေကလည်း မြေမြှုပ်မိုင်းကို ကိုယ်တိုင်ထုတ်လုပ်သလို၊ စစ်တပ်စက်ရုံက ထုတ်လုပ်တဲ့ မြေမြှုပ်မိုင်းတွေကို သိမ်းဆည်းရမိပြီး ပြန်လည်အသုံးပြုနေတာမျိုးလည်း တွေ့ရှိရတယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်တဲ့အဖွဲ့က ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်၊ မတ်လအထိ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် သေဆုံးသူ ၅၈၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂,၄၄၉ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်