ငလျင်ကြီး လှုပ်ခတ်ခဲ့မှု ၆ လကျော် ကြာမြင့်တဲ့အထိ အပျက်အစီးတွေ ရှင်းလင်းခွင့်တောင် ပြည့်စုံအောင် မရသေးတဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဗလီတွေ

အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာဟာ အချိန် ၆ လကျော် ကြာမြင့်လာခဲ့သည်အထိ ငလျင်အတွင်း ပြိုကျပျက်စီးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဗလီတွေ ပြန်လည်တည်ဆောက်ရေးဟာ စစ်အုပ်စုရဲ့ ခွင့်ပြုချက်မရရှိတာကြောင့် ပြန်လည်မတည်ဆောက်ရဘဲ ယာယီဝတ်ပြုဆောင်တဲတွေနဲ့ ဝတ်ပြုဆုတောင်းနေရတယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဆီက သိရပါတယ်။
မန္တလေးတိုင်းထဲက အမရပူရမြို့နယ်မှာပင် ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဗလီ ၁၂ လုံးရှိပြီး တစ်လုံးမှ ပြန်ဆောက်ခွင့်မရသေးတဲ့အတွက် ဖြစ်သလို ဝတ်ပြုနေရပြီး ဒါဟာ အင်မတန်မှ ဆိုးရွားတဲ့ အခြေအနေဖြစ်တယ်လို့ မန္တလေးမြို့မှ ဘာသာရေးခေါင်းဆောင် ဦးသိန်းဝင်းအောင်က CJ Platform ကို ပြောပါတယ်။
“မနေ့က ကျွန်တော်တို့ ဘုရားပွဲရှိတယ်။ မိုးရေထဲမှာ စိုကြပြုကြပေါ့။ ယာယီတဲလေးတွေကလည်း ရှိတဲ့ အမိုးလေးတွေ ဘာလေးတွေနဲ့ပေါ့ဗျာ။ မိုးရွာတော့လည်း စိုပေါ့။ လုံတဲ့နေရာလေးတော့ လုံတာပေါ့ဗျာ။ အဲဒီလိုလေးတွေနဲ့ပဲ ကျွန်တော်တို့က ဖြစ်သလို မိုးရွာအစိုထဲမှာပဲ ဝတ်ပြုနေရတာပေါ့။ ကျွန်တော်တို့ ဘဝမှာ အင်မတန်မှ အဆိုးဆုံးအခြေအနေ၊ ဘယ်ခေတ်ကမှ ဒီလိုမျိုးမရှိဘူးတဲ့ အခြေအနေပါ” လို့ သူက ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်းမှာလည်း ဗလီတွေ ပြန်ဆောက်ခွင့်မရသေးတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေဟာ အမိုးအကာမလုံတဲ့ ယာယီဝတ်ပြုဆောင်တွေမှာပဲ ဝတ်ပြုနေကြရတယ်လို့ စစ်ကိုင်းတိုင်းမှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“ယာယီဆောင်တွေမှာ ဝတ်ပြုနေရတာဆိုတော့ အမိုးတွေ၊ အကာတွေလည်း မလုံဘူး။ ပြောရရင် ဗလီတွေ ပြန်ဆောက်ခွင့်ရချင်နေပြီ။ တစ်လုံးမှ ပြန်ဆောက်ခွင့်မရသေးတော့လေ” လို့ သူက ပြောပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရတော့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းက ဘာသာရေးအဆောက်အအုံပေါင်း ၅ ထောင်ကျော် ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ နေပြည်တော်၊ စစ်ကိုင်းနဲ့ မန္တလေးစတဲ့ မြို့ကြီးအချို့က ဗလီ ၅၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။
ဗလီတွေကို ပြန်လည်တည်ဆောက်ခွင့်ရဖို့ဆိုရင် သက်ဆိုင်ရာဝန်ကြီးချုပ်ကို စာအရင်တင်ရပြီး အဲဒီကနေမှ သာသနာရေးဝန်ကြီးကနေတစ်ဆင့် စာပြန်ကျလာကာ ပြန်လည်စိစစ်ရေးလုပ်ရတာဖြစ်တယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ရှင်းပြပါတယ်။
လက်ရှိမှာတော့ ဗလီပြန်ဆောက်ခွင့်ရဖို့ အရင်အစိုးရအဆက်ဆက်က မပေးခဲ့တဲ့ သာသနာ့နယ်မြေသတ်မှတ်ချက် (Green Land) ကို ပြန်တောင်းနေတာကြောင့် ဗလီပြန်ဆောက်ခွင့်ပေးဖို့ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာလို့ အစ္စလာမ်ဘာသာရေးဆရာ ဦးစိုးနေဦးကလည်း မှတ်ချက်ပြုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေနဲ့ ဗလီတွေကို ယခင်က ခွင့်ပြုထားတဲ့အတိုင်း ပြန်လည်တည်ဆောက်ခွင့်ပြုဖို့ လိုအပ်တယ်လို့ ဧပြီလ ၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်တွေ့မှာတော့ စစ်အုပ်စုဟာ ပျက်စီးသွားတဲ့ ဗလီတွေ ပြန်လည်တည်ဆောက်ရေးအတွက် ခွင့်ပြုချက်ပေးဖို့ ကြာမြင့်နေတဲ့အပြင် ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဗလီတွေကို ရှင်းလင်းရေးအတွက် ခွင့်ပြုမိန့်တောင်းရာမှာ ငွေကြေးတောင်းခံမှုတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ဘဝမှာ အင်မတန်မှ အဆိုးဆုံးအခြေအနေ၊ ဘယ်ခေတ်ကမှ ဒီလိုမျိုးမရှိဘူးတဲ့ အခြေအနေ။ စစ်ဖြစ်တုန်းက ပျက်တဲ့ဗလီက ဒီလောက်မများဘူး။ ခု မန္တလေးဘက်မှာဆိုရင် ဗလီတွေ တော်တော်များများ ပျက်ကြတယ်။ အမရပူရမှာဆို အကုန်လုံးနီးပါး ဗလီတွေ ပျက်ကြတယ်။ ပျက်တဲ့အချိန်မှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် သမိုင်းမှာ၊ သက်တမ်းမှာ အဆိုးဆုံးအခြေအနေဖြစ်တဲ့အတွက် ဗလီတွေကို ပြန်လည်ဆောက်လုပ် အေးအေးချမ်းချမ်းနဲ့ ဝတ်ပြုစေချင်တယ်” လို့ မန္တလေးမြို့က ဘာသာရေးခေါင်းဆောင် ဦးသိန်းဝင်းအောင်က CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်ကြောင့် ဘာသာရေးအဆောက်အအုံပေါင်း ၉,၆၀၀ ကျော် ပျက်စီးကာ ဗလီပေါင်း ၁၃၅ လုံး ပျက်စီးခဲ့ရတယ်လို့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ စာရင်းအရ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့