စစ်အုပ်စုရဲ့ မဲပေးစက်ဆိုတာ ယုံကြည်ရရဲ့လား ?

Published on Sep 28, 2025

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူတို့ ထုတ်လုပ်ထားတဲ့ မြန်မာအီလက်ထရောနစ် မဲပေးစက် Electronic Voting Machine-EVM စက်တွေဟာ ယုံကြည်စိတ်ချရပြီး မဲမသာမှု ပြုလုပ်လို့ မရဘူးလို့ ပြောကြားလိုက်ပါတယ်။

 

ရုရှားနိုင်ငံ မြန်မာသံရုံးက ဝန်ထမ်းတွေ၊ မိသားစုတွေ၊ ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ စစ်အုပ်စုနဲ့ ဆက်နွယ်သူ ပညာတော်သင်တွေနဲ့ စက်တင်ဘာ ၂၆ရက်နေ့က တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

 

ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု မရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် MEVN ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်များသည် ယုံကြည်စိတ်ချရပြီး မဲမသာမှု ပြုလုပ်၍ မရကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဆောင်ရွက်သွားရန်မှာ မိမိတို့၏ ရည်မှန်းချက်ပင်ဖြစ်ကြောင်းလို့ မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း စစ်အုပ်စု ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

 

မဲပေးစက်ကို ဘယ်သူတွေ တီထွင်ထားတာလဲ?

 

စစ်အုပ်စုဟာ သူတို့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ မြန်မာအီလက်ထရောနစ် မဲပေးစက် ကို အသုံးပြုမယ်လို့ ကြေညာထားပါတယ်။ မဲပေးစက်ကို မြန်မာပြည်တွင်းမှာပဲ နည်းပညာကျွမ်းကျင်သူတွေက ထုတ်လုပ်ထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ထားပေမယ့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပညာရှင်တွေပါဝင်တဲ့ အဖွဲ့အစည်းကနေ ထုတ်လုပ်တယ်ဆိုတာကို တိကျစွာ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

 

စစ်အုပ်စုပိုင် မြဝတီရုပ်သံရဲ့ သတင်းတစ်ပုဒ်မှာတော့ မဲပေးစက်ကို ပြည်တွင်းပညာရှင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ညှိနှိုင်းပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးရဲမျိုးဦးက ပြောကြားထားပါတယ်။

 

အမည်မသိ အီလက်ထရောနစ်ကျွမ်းကျင်ပညာရှင်ဆိုသူတွေက ပထမဆုံး မဲပေးစက်ရှေ့ပြေးပုံစံကို တီထွင်ပြီးနောက်မှာ ဒုတိယအကြိမ်အဆင့်မြှင့်တာ၊ တတိယအကြိမ် အဆင့်မြှင့်တာလုပ်ဆောင်အပြီး လက်ရှိရွေးကောက်ပွဲမှာ အသုံးပြုမယ့် စတုတ္ထမျိုးဆက် မဲပေးစက်ကို တီထွင်ထားတာဖြစ်တယ်လို့ ဦးရဲမျိုးဦးက ဆိုပါတယ်။

 

မဲပေးစက်မှာ ဘာတွေပါလဲ

 

စစ်အုပ်စုတီထွင်ထားတယ်ဆိုတဲ့ မဲပေးစက်မှာ ထိန်းချုပ်စက် Control Unit ဆန္ဒပြုစက် Ballot Unit မဲပေးချက်ဖော်ပြသည့်စက် Verification Unit ဆိုတဲ့ အစိတ်အပိုင်းသုံးပိုင်း ပါဝင်တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်မှုတွေမှာ တွေ့ရပါတယ်။

 

ထိန်းချုပ်စက်မှာ စက်ကိုအဖွင့်ပိတ်လုပ်တဲ့ On/Off ခလုပ်၊ မဲရလဒ်များကို ကြည့်နိုင်သည့် Result   ခလုပ်၊ မဲရလဒ်များကို စာရွက်ထုတ်ပေးသည့် Print ခလုပ်၊ မဲပေးထားမှုများကို ဖျက်သိမ်းခြင်း (စက်အတွင်းမှတ်သားထားသည်များကို ဖျက်သိမ်းသည့်) Clear ခလုပ်၊ မဲပေးထားသူ စုစုပေါင်းကို ကြည့်ရှုနိုင်သည့် Total ခလုပ်၊ မဲဆန္ဒရှင်များကို မဲပေးနိုင်ရန် အဖွင့်အပိတ်လုပ်ပေးသည့် Ballot ခလုပ်တွေပါဝင်ပါတယ်။

 

မဲဆန္ဒရှင်တွေ အသုံးပြုပြီး မဲပေးရမယ့် ဆန္ဒပြုစက်ကို ထိန်းချုပ်စက်ကနေ ထိန်းချုပ်ထားပြီး မဲရုံတာဝန်ကျသူက Ballot ကိုနှိပ်ပေးမှ မဲပေးနိုင်မှာဖြစ်ပါတယ်။ မဲပေးချက်ဖော်ပြတဲ့ စက်မှာတော့ မဲပုံးနဲ့ မဲဆန္ဒရှင် မဲပေးပြီးပါက မိမိပေးခဲ့တဲ့ မဲစာရွက်ရလဒ်ကို ကြည့်နိုင်မယ့် အပေါက်ငယ်တစ်ခုပါဝင်ပါတယ်။

 

 စစ်အုပ်စုဟာ မဲပေးစက်မှာပါဝင်တဲ့ အစိတ်အပိုင်းတွေသာ ရှင်းလင်းပြသပေမဲ့ မဲပေးစက်အတွင်း တပ်ဆင်အသုံးပြုထားတဲ့ နည်းပညာနဲ့ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို ဒီကနေ့ အချိန်ထိ ရှင်းလင်းအသိပေးထားတာ မရှိသေးပါဘူး။

 

ဒါ့အပြင် စစ်အုပ်စုရဲ့ ဌာနဆိုင်ရာ Website တွေအပြင် ရွေးကောက်ပွဲကော်မရှင်ရဲ့ Website မှာပါ မဲပေးစက်နဲ့ ပတ်သက်ပြီး ရှင်းတိကျစွာ ဖော်ပြထားတာကို မမြင်တွေ့ပါဘူး။ စစ်အုပ်စုဟာ သူတို့ရဲ့ ဝါဒဖြန့် ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV MWD စတဲ့ ရုပ်သံချန်နယ်တွေမှာသာ ဘယ်လိုမဲပေးရမယ်ဆိုတာကို ဖော်ပြပြီး အဓိက မြန်မာပြည်သူတွေ အသုံးပြုမှုများပြားတဲ့ Tik Tok လူမှုကွန်ရက်ပလက်ဖောင်းမှာပါ အကောင့်အတုတွေကို အသုံးပြုပြီး ဖော်ပြနေတာကို စိစစ်တွေ့ရှိပါတယ်။

 

မဲပေးစက်က ယုံကြည်ရလား

 

စက်အတွင်း တပ်ဆင်ထားတဲ့ အစိတ်အပိုင်းနဲ့ နည်းစနစ်တွေကို ပွင့်လင်းမြင်သာစွာ ချပြတာ၊ စက်တီထွင်ထုတ်လုပ်ထားသူတွေနဲ့ မည်သည့်အဖွဲ့ မည်သည့်ပုဂ္ဂိုလ်က တာဝန်ယူထုတ်ယူ ထုတ်လုပ်ထားပြီး မည်သို့ တပ်ဆင်ထားတာကို ဒီကနေ့အချိန်ထိ စစ်အုပ်စုက ပွင့်လင်းမြင်သာစွာ ချခြင်းမရှိခြင်းဟာ မဲပေးစက်ကို ယုံကြည်စိတ်ချဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

 

CJ Platform က လက်ခံရရှိထားတဲ့ ပေါက်ကြားစာတစ်ခုအတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (စစ်တက္ကသိုလ်) သိပ္ပံမဟာဘွဲ (အပတ်စဉ် ၂၁) ကွန်ပျူတာသိပ္ပံဌာနက ဒုဗိုလ်မှူးကြီး ဝဏ္ဏကျော်ကျော်ဦးဆောင်ပြီး ၂၀၂၄ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့မှာ ဗိုလ်ကြီး အောင်မျိုးကျော် presentation လုပ်ဆောင်ခဲ့တဲ့ Fully Homomorphic Encryption (FHE) ကို အသုံးပြုပြီး အွန်လိုင်းမှ တစ်ဆင့် မဲပေးသည့် နည်းလမ်းကို တည်ဆောက် အသုံးပြုသည့် ဒီဇိုင်းကို ပြသခဲ့ပါတယ်။ 

 

အဆိုပါ ဒီဇိုင်းမှာ Admin(ထိန်းချုပ်သူ) မှ မိမိ Election Database ကို ကြိုက်သလို ပြင်ဆင်နိုင်ရန် နည်းစနစ်များကို အကြံပြုထားပြီး အများပြည်သူမှ စိစစ်နိုင်မှုမရှိ။

 

စစ်မှန်သော မဲပေးသူ ဖြစ်ကြောင်း အတည်ပြု အဆင့်ပါဝင်ပေမယ့် မဲပေးခွင့်မရှိသူများကိုပါ စာရင်းထဲ ထည့်သွင်းနိုင်သည်ကို တွေ့ရှိရပါတယ်။ အင်တာနက်ကို အသုံးပြုကာ မဲပေးတဲ့ စနစ်တစ်ခုကို ဒီဇိုင်းရေးဆွဲခြင်းဖြစ်ပါတယ်။ (ပေါက်ကြား PDF ဖိုင်ကို ဒီနေရာမှာ ရယူနိုင်ပါတယ်)

 

ပေါက်ကြားစာအရ စစ်အုပ်စုအတွင်း ရွေးကောက်ပွဲကို မသမာမှုပြုလုပ်ဖို့အတွက် နည်းလမ်းပေါင်းစုံ စဉ်းစားခဲ့တယ်လို့ ကောက်ချက်ရယူနိုင်ပါတယ်။ စစ်အုပ်စုခေါင်းဆောင်ဟာ သူ့ကို တင်ပြခဲ့တဲ့ နည်းလမ်းများစွာအနက်က အခုမဲပေးစက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

 

ဥပဒေအရပါ ကာဗာအပေးခံထားရတဲ့ မဲပေးစက်

 

ဆန္ဒမဲပေးနေချိန်အတွင်း မဲပေးစက်ပျက်စီးမှု ဖြစ်ပေါ်ပါက အရန်စက်နဲ့ မဲပေးဆောင်ရွက်နိုင်ပြီး အရန်စက်မရှိပါက ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ ဆန္ဒမဲ နောက်တစ်ကြိမ်ထပ်မံပေးဖို့ ရက်သတ်မှတ်တာ ဒါမှမဟုတ် ဆန္ဒမဲပေးခြင်းကို ထပ်မံမပြုလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်တာတွေကို လုပ်ဆောင်နိုင်တယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဥပဒေတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ ရွေးကောက်ပွဲရလဒ်ကို လိုအပ်သလို ပြောင်းလဲနိုင်တဲ့ အကြောင်းအရာ တစ်ခုလဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဆန္ဒမဲရေတွက်ရာမှာ မဲပေးစက်ရဲ့ အစိတ်အပိုင်း သုံးခုအနက် ထိန်းချုပ်စက်ကနေ ထွက်ရှိလာတဲ့ စုစုပေါင်း မဲရလဒ်တွေကိုပဲ အတည်ပြုရယူမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမသာမာမှုပြုတယ်လို့ တိုင်ကြားမှသာ မဲပုံးအတွင်းက ဆန္ဒမဲလက်မှတ်တွေကို ပြန်လည်ရေတွက်ပေးမှာဖြစ်ပါတယ်။

 

ဒါ့ကြောင့် မည်သူတီထွင်ထားတယ်၊ မည်သည့် စက်ကရိယာတွေကို တပ်ဆင်ထားပြီး၊ မည်သည့် နည်းပညာတွေကို ထည့်သွင်း အသုံးပြုထားတယ်ဆိုတာကို မသိရတဲ့ မဲပေးစက်ဟာ ယုံကြည်စိတ်ချရရဲ့လားဆိုတာ အတိအကျ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

 

ကမ္ဘာ့နိုင်ငံတွေမှာရော မဲပေးစက်တွေအသုံးပြုသလား

 

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၀ ကျော်ရှိတဲ့ အနက်မှာ အီလက်ထရောနစ်မဲပေးစနစ်ကို အသုံးပြုတဲ့ နိုင်ငံဟာ ၄၀ ကျော်ပဲ ရှိပါတယ်။ အဲဒီနိုင်ငံပေါင်း ၄၀ကျော်အနက်မှာ အီလက်ထရောနစ်မဲပေးစနစ်ကို အပြည့်အဝအသုံးပြုတဲ့ နိုင်ငံဟာ ဆယ်ကဏန်းမပြည့်ပါဘူး။ ဒါ့အပြင် အာဏာရှင်နိုင်ငံအချို့ကလွဲပြီး အီလက်ထရောနစ်မဲပေးစနစ်အသုံးပြုတဲ့ နိုင်ငံတွေမှာ သူတို့ရဲ့ မဲပေးစက် ဖွဲ့စည်းပုံ ထုတ်လုပ်ပုံ တပ်ဆင်ပုံတွေကို ပွင့်လင်းမြင်သာစွာ ချပြလေ့ရှိပါတယ်။

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို မှားယွင်းပါတယ်ဆိုကာ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာတော့ မဲပေးစက်တွေဟာ မိုးပေါ်ကကျလာသလို အသုံးပြုဖို့ ကြံရွယ်တာကိုတွေ့ရပါတယ်။