စစ်ကောင်စီ UEC က ဦးရွှေမန်း၏ UBP ပါတီအား ဖျက်သိမ်းခွင့်ပြု

Author လင်းခိုင်
Categories
Published on Oct 28, 2022

အကြမ်းဖက် စစ်ကောင်စီ UEC က သူရဦးရွှေမန်း၏ UBP ပါတီအား ဖျက်သိမ်းခွင့်ပြုခဲ့ကြောင်း အောက် တိုဘာ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)သည် အောက်တိုဘာ ၁၁ ရက်က ပါတီမှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းပေးရန် တင်ပြခဲ့သည့်အတွက် ကော်မရှင်အစည်းအဝေးပြုလုပ်ပြီး ပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၉(က) နှင့်အညီ ပါတီမှတ်ပုတင်ထားခြင်းကို ဖျက်သိမ်းရန် အတည်ပြုခဲ့သည်ဟု စစ်ကောင် စီ၏ UEC က ဆိုထားသည်။

ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိသောကြောင့် UBP ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ပါတီဦးဆောင်သ့် ခေါင်းဆောင်များ အသက်အရွယ်ကြီးရင့်လာပြီး ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနှင့် အခြားအခက်အခဲများရှိလာခြင်းကြောင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၁၂ ရက်တွင် ယင်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)သည် ၂၀၁၉ ခုနှစ်၌ စတင်ဖွဲ့စည်းပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ကိုယ်စားလှယ် ဦးရေ ၉၂၇ ဦးဖြင့် တတိယ ကိုယ်စားလှယ်ဦးရေအများဆုံးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

၂၀၂၃ ခုနှစ်၌ စစ်ကောင်စီက ပြည်သူ့ဆန္ဒမရှိဘဲ ယင်းတို့၏ နိုင်ငံရေးထွက်ပေါက်အဖြစ် လုပ်ဆောင်နိုင်ရန် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု အပူတပြင်းလုပ်ဆောင်နေချိန်၌ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)က ပါတီကိုဖျက်သိမ်းခဲ့ခြင်းလည်းဖြစ် သည်။