ဘွန်ဂျိုင်းထိုင်းပါတီခေါင်းဆောင် သန်းကြွယ်သူဌေး အနုထင် ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာ

Author CJ Platform
Categories
Published on Sep 05, 2025

ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဘွန်ဂျိုင်းထိုင်းပါတီ (Bhumjaithai Party) ခေါင်းဆောင် အနုထင် ချန်ဗီရာကူလ် (Anutin Charnvirakul) ကို လွှတ်တော်က မဲပေးရွေးချယ်လိုက်ပါပြီ။ မဲ ၄၉၀ ရှိတဲ့အနက် ၃၁၁ မဲနဲ့ မဲတစ်ဝက်ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

 

စက်တင်ဘာလ ၅ ရက်၊ သောကြာနေ့မှာ ကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဖြူထိုင်းပါတီ (Pheu Thai party) က အဆိုပြုထားတဲ့ ကိုယ်စားလှယ် ချိုင်ကာဆမ် နီတီဆီရီ (Chaikasem Nitisiri) က ၁၅၂ မဲ ရရှိပြီး ရှုံးနိမ့်ခဲ့တာပါ။ ၂၇ မဲကတော့ ကြားနေခဲ့ပါတယ်။

 

သန်းကြွယ်သူဌေးဖြစ်တဲ့ အသက် ၅၈ နှစ်အရွယ် အနုထင် ချန်ဗီရာကူလ်ဟာ သောကြာနေ့ မဲမပေးခင်ကတည်းက သူ့ရဲ့ ဘွန်ဂျိုင်းထိုင်းပါတီနဲ့ မဟာမိတ်တွေဆီက ၁၄၆ မဲ ရရှိထားတယ်လို့ ကြေညာခဲ့ပါတယ်။ ပြည်သူ့ပါတီကလည်း သူတို့ရဲ့ လွှတ်တော်အမတ် ၁၄၃ ဦးက သူ့ကို ထောက်ခံမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

 

အနုထင်ဟာ ဖြူထိုင်းပါတီရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ပါဝင်ပူးပေါင်းပြီး ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဆေးခြောက်ကို တရားဝင်ဖြစ်စေမယ်ဆိုတဲ့ သူ့ရဲ့ ကတိကို အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့်လည်း နာမည်ကြီးခဲ့ပါတယ်။

 

ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ပေထုံတန်ရဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့တဲ့နောက်မှာတော့ ဒေါသထွက်ကာ ပေထုံတန်ရဲ့ အစိုးရအဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။

 

ပြည်သူ့ပါတီနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်အရ၊ အနုထင်အစိုးရဟာ ၄ လအတွင်းမှာ စစ်တပ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ခုကို တွန်းအားပေးရမှာဖြစ်ပြီး၊ အဲ့ဒီနောက်မှာ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးရမှာ ဖြစ်ပါတယ်။

 

ပြည်သူ့ပါတီကတော့ အစိုးရအဖွဲ့မှာ မပါဝင်ဘဲ အတိုက်အခံအဖြစ်ကနေပဲ ဒီကတိကဝတ်တွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး၊ ဘွန်ဂျိုင်းထိုင်းပါတီက ကတိဖောက်ဖျက်လာရင် အယုံအကြည်မရှိအဆို တင်သွင်းသွားမယ်လို့လည်း သတိပေးထားပါတယ်။

 

ဓာတ်ပုံ – Reuters