မင်းအောင်လှိုင် လက်ထက် လယ်သမားတွေ တောင်းစားရတော့မယ်

Author ပြည်စိုး
Categories
Published on Aug 21, 2025

စစ်အုပ်စု အာဏာသိမ်းပြီးနောက် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်လာခဲ့ပြီး ၂၀၂၅ခုနှစ် မိုးစပါးစိုက်ရာသီမှာ သွင်းအားစုကုန်ကျစရိတ်တွေဟာ လယ်တစ်ဧကကို ၆သိန်း၄သောင်းကျော်ထိ ကုန်ကျခဲ့ပါတယ်။

ထယ်ထိုး၊ သမန်းဆွဲ၊ မျိုးစေ့ချ၊ စက်မောင်းစတဲ့ လုပ်ငန်းတွေကို ကိုယ်ပိုင် ကိုင်းစက်ရှိပြီး ကိုယ်တိုင်လုပ်ကြတဲ့ တောင်သူတွေတောင်မှ တစ်ဧက သွင်းအားစုကုန်ကျစရိတ်ဟာ ၆၄၄,၀၀၀ ကျပ် အနည်းဆုံး ကုန်ကျနေပါတယ်။

 

မြေခံမြေဩဇာ၊ ပေါင်းအုပ်ဆေး၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသက်ဆေး၊ ရောဂါကာကွယ်ဆေးတွေ၊ အားဆေး၊ ပုလဲတွေရဲ့ စျေးနှုန်းတွေဟာ အာဏာမသိမ်းခင်ရက်တွေကနဲ့ နှိုင်းယှဉ်ရင် လေးဆကျော်ထိ မြင့်တက်ခဲ့တာပါ။

 

လယ်တစ်ဧကအတွက် မျိုးဖိုးဟာ ပျှမ်းမျှ ၅၃၃၀၀ ကျပ်ခန့် ကုန်ကျပါတယ်။ မြေပြင်စက်မောင်းရတဲ့အတွက် ဒီဇယ်ဖိုးတွေ အပါအဝင် ပျှမ်းမျှ ၇၆၆၀၀ ကျပ်ခန့် ကုန်ကျပါတယ်။ တီစူပါ၊ ပိုတက်၊ ရိုက်အပ်၊ ကျူဘီ၊ ပုလဲ၊ အီမာမက်၊ ပါဝါတက်၊ အေမင်း၊ ကောက်ဖာ၊ ဂလိုင်ဖောက်၊ အိမ်းကာဘို၊ အပ်ကော့၊ တယ်ရီဆိုင်း စတဲ့ မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရောဂါကာကွယ်ဆေးတွေအတွက် ကုန်ကျစရိတ်ဟာ တစ်ဧကကို ၃၉၆,၀၀၀ ကျပ်ခန့် ကုန်ကျပါတယ်။ ရိတ်သိမ်းခြွေလှေ့စက်ငှါးရမ်းလည်ပတ်ခက ၁၂၀,၀၀၀ ကျပ်ခန့် ကုန်ကျပါတယ်။ ဒါဟာ လုပ်သားငှါးရမ်းခတွေ မပါဝင်သေးပါဘူး။

 

စစ်အုပ်စုရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လယ်ယာလုပ်သားငှါးရမ်းနိုင်ဖို့ဆိုတာ ဝေးလှ လယ်ကူ လယ်စာရင်းငှါးတောင်မှ မနည်းကို ရှာဖွေရတဲ့ အဖြစ်ပါပဲ။ အားကောင်းမောင်းသန် လူငယ်တွေဟာ စစ်အုပ်စုက အဓမ္မဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းမှာ စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လစဉ်ငွေညှစ်မှာကိုလဲ ကြောက်ရနဲ့ ကျေးလက်ဒေသမှာ မပြောနဲ့ မြန်မာပြည်တွင်းမှာတောင် မနေရဲကြတော့ပါဘူး။

 

နှစ်စဉ်ပိုပိုဆိုးဝါးလာတဲ့ ရွှေခရုဟာလဲ တောင်သူတွေကို အမြဲလိုလို ဒုက္ခရောက်စေပြီး တောင်သူတွေရဲ့ စိုက်ဧက ၅ပုံ၂ပုံဟာ နှစ်စဉ် ရွှေခရုဖျက်ဆီးတာကြောင့် ပြန်လည် စိုက်ပျိုးနေရပါတယ်။

 

၂၀၂၂ခုနှစ် မိုးစပါးပေါ်ချိန်ကတည်းက နှစ်စဉ်ဆက်တိုက် ကျဆင်းလာခဲ့တဲ့ စပါးစျေးနှုန်းဟာ ၂၀၂၅ခုနှစ် မိုးစပါးပေါ်ချိန်မှာတော့ အနိမ့်ဆုံးဆိုတဲ့ စျေးတန်းတစ်ခုကို ရောက်ရှိသွားခဲ့ပါပြီ။ သက်ငယ်စပါးအစို တင်းတစ်ရာကို ၉သိန်းကျပ်ဝန်းကျင်သာ စျေးရရှိပြီးတော့ အစိုအမှတ်အလိုက် အမြင့်ဆုံးစျေးနှုန်းဟာ ဆယ်သိန်းကျော်ပါပဲ။

 

စိုက်ဧက တစ်ဧကမှာ မိုးစပါးဟာ ပျှမ်းမျှ တင်း ၆၀ခန့်သာ ထိရှိပါတယ်။ လက်ရှိစပါးပေါက်စျေးနှုန်းနဲ့ တောင်သူတွေရဲ့ သွင်းအားစု နှိုင်းယှဉ်ရင် လယ်သမားတွေ လယ်ရောင်းကြွေးဆပ်ပြီး တောင်းစားရဖို့ နည်းလမ်းကိုပဲ ရွေးချယ်ရတော့မှာပါပဲ။

 

မိုးစပါးပေါ်ဦးစအချိန်မှာပဲ ဆန်စျေးနှုန်းတွေဟာလဲ ဆက်တိုက်ကျဆင်းနေပါတယ်။ ဒါဟာ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ သတ်မှတ်လိုက်တဲ့ အခြေခံဆန်စျေးနှုန်းရဲ့ သက်ရောက်မှုကြောင့်လဲဖြစ်သလို ပြည်ပပို့ကုန်နည်းပါးတာကြောင့် ဆန်ဟောင်းတွေဟာလည်း ဆန်စက်တွေမှာ ဒုနဲ့ဒေးပါပဲ။

 

ဆန်ဟောင်းတွေက ကုန်သည်ကြီးတွေလက်ထဲမှာ ပုံထပ်နေ၊ စပါးအသစ်တွေ လိုက်လာချိန်မှာ စက်ပိုင်တွေရဲ့ အဝယ်တော်တွေဟာ စပါးဝယ်ယူတာအပြင် ဆန်ရောင်းချနိုင်ဖို့ကိုပါ ရပ်ကွက်ဆန်ဆိုင်တွေအထိ လိုက်လံစပ်ဟပ်နေရတော့တဲ့အထိ ဆန်၊စပါးလောကဟာ ကျဆင်းသွားရတာ ဖြစ်ပါတယ်။

 

အာဏာရရှိရေးအတွက်ကလွဲပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ မင်းအောင်လှိုင်ရဲ့ လက်ထက်မှာတော့ တောင်သူတွေ တောင်းစားရဖို့ပဲ ကျန်ပါတော့တယ်။