ထိုင်းတွင် တရားမဝင် အလုပ်သမားများကို အလုပ်သမားမှတ်ပုံတင် ထပ်ထုတ်ပေးမည်

Author CJ Platform
Categories
Published on Aug 18, 2025

နိုင်ငံရေးတင်းမာမှုတွေကြောင့် ကမ္ဘောဒီးယားအလုပ်သမား ၇၀,၀၀၀ ကျော် နေရပ်ပြန်သွားပြီးနောက်၊ ထိုင်းအစိုးရဟာ အဲ့ဒီနေရာမှာ အစားထိုးဖို့အတွက် အကျဉ်းသားတွေ၊ စစ်သားတွေနဲ့ ဒုက္ခသည်တွေကိုပါ အသုံးပြုမယ့် ထူးခြားတဲ့ အစီအမံတွေကို အရေးပေါ် ချမှတ်လိုက်ကြောင်း ထိုင်းသတင်းဌာန The Nation က ဖော်ပြပါတယ်။

 

ဒီအလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက အရေးပေါ်အစီအမံ ၅ ရပ်ကို အဆိုပြုလိုက်ပါတယ်။ အဲ့ဒါတွေကတော့ စစ်သားတွေ၊ ပြစ်ဒဏ်ကျခံပြီးခါနီး အကျဉ်းသားတွေနဲ့ လူငယ်ထိန်းသိမ်းရေးစခန်းက လူငယ်တွေကို အလုပ်လုပ်ခိုင်းဖို့၊ နိုင်ငံထဲက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားမှတ်ပုံတင်ပေးဖို့၊ သီရိလင်္ကာနဲ့ နီပေါလို နိုင်ငံတွေကနေ အလုပ်သမားသစ်တွေ တင်သွင်းဖို့၊ ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်စခန်းတွေကနေ အလုပ်သမားခေါ်ယူဖို့၊ ပြီးတော့ စက်ရုပ်နဲ့ နည်းပညာတွေသုံးပြီး လူအင်အားမှီခိုမှုကို လျှော့ချဖို့တို့ ဖြစ်ပါတယ်။

 

ထိုင်းအစိုးရဟာ နိုင်ငံထဲမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ပေးဖို့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး၊ တစ်ချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံသားတွေကိုတော့ လုံခြုံရေးအရ အထူးကြပ်မတ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

 

အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ တာဝန်ရှိသူ မစ္စတာ ဆွန်မ်ချိုင်း (Somchai) က ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေပြီးဖြစ်တဲ့ တရားမဝင်အလုပ်သမားတွေကို တရားဝင်မှတ်ပုံတင်ပေးရေးကိစ္စကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

 

တစ်ချိန်တည်းမှာပဲ မစ္စတာ ဆွန်မ်ချိုင်းက ဒါဟာ ရေတိုဖြေရှင်းချက်တစ်ခုသာဖြစ်ပြီး၊ ရေရှည်မှာတော့ ထိုင်းနိုင်ငံဟာ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် မှီခိုမှုကို လျှော့ချသွားရမယ်လို့ ပြောကြားခဲ့ပါတယ်။ ရေရှည်ရည်မှန်းချက်ကတော့ ထိုင်းနိုင်ငံသားအလုပ်သမားတွေနဲ့ အလိုအလျောက်စနစ် (Automation Systems) တွေကို ပိုမိုအားကိုးပြီး အလုပ်သမားအင်အားစုကို ဟန်ချက်ညီအောင် ပြန်လည်တည်ဆောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – Bangkok Post