အထောက်အထားမဲ့မြန်မာ ၅၅ ဦးကို အူထိုင်းထာနီခရိုင်အတွင်း ဖမ်းဆီးရမိ

Author CJ Platform
Categories
Published on Aug 12, 2025

ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာ ၅၅ ဦးကို အူထိုင်းထာနီခရိုင် Thap Than ရဲတပ်ဖွဲ့က မနေ့ ဩဂုတ် ၁၁ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ မြန်မာအမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၁၉ ဦးပါတဲ့ မော်တော်ယာဉ်သုံးစီးကို Khao Khi Foi ဒေသ တောတွင်းတစ်နေရာမှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အထောက်အထားမဲ့ မြန်မာ ၅၅ ဦးကို ခေါ်ဆောင်လာတဲ့ ယာဉ်မောင်းတွေကတော့ ထိုင်းရဲတပ်ဖွဲ့ ရောက်မလာခင်မှာ ထွက်ပြေးသွားကြတယ်လို့လည်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။

 

ဖမ်းဆီးရမိခဲ့တဲ့ အထောက်အထားမဲ့ မြန်မာ ၅၅ ဦးကို စကားပြန်ကနေတဆင့် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ရာ သူတို့ဟာ တာ့ခ်ခရိုင် မဲဆောက်ကနေတဆင့် ဘန်ကောက်မြို့မှာ အလုပ်အကိုင်ရှာဖွေဖို့အတွက် လာခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အထောက်အထားမဲ့မြန်မာ ၅၅ ဦးဟာ လူကုန်ကူးခံရမှုအခြေအနေရှိ မရှိ ဆက်လက်စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် အမျိုးသားလွှဲပြောင်းရေးယန္တရား (NRM) ကို လွှဲပြောင်းပေးထားတယ်လို့လည်း သိရပါတယ်။

 

အခု ဩဂုတ် ၄ ရက်ညပိုင်းကလည်း တာ့ခ်ရိုင် ဖုတ်ဖရမြို့နယ် ဘန်ဟွေနမ်ရွာအနီးမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၅ ဦးကို ပွဲစား ၂ ဦး၊ မော်တော်ယာဉ် ၂ စီးတို့နဲ့အတူ ထိုင်းနယ်ခြားစောင့် အထူးတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Khaosod