ပင်းတယမှာ တောင်ကျချောင်းရေကြောင့် ပျက်စီးမှုနဲ့ လူသေဆုံးမှုတွေရှိနေ

Author CJ Platform
Categories
Published on Jul 28, 2025

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ သိမ်ကုန်းကျေးရွာမှာ ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းက ရုတ်တရက် တောင်ကျချောင်းရေ စီးဆင်းလာတာကြောင့် ပျက်စီးမှုတွေရှိခဲ့ပြီး လူသေဆုံး၊ ပျောက်ဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လူအိပ်ချိန်အတွင်း တောင်ကျချောင်းရေ ကျဆင်းကာ နေအိမ်တချို့ ရေစီးနဲ့အတူ မျောပါသွားတယ်လို့ သိရပါတယ်။

 

“ရုတ်တရက်ကြီးဖြစ်တာ၊ လုံးဝမထင်ထားတဲ့ အခြေအနေကြီး။ တဖြေးဖြေးမဟုတ်ဘဲ ရုတ်တရက်ကြီးဆိုတော့ ရေစီးထဲ ပါသွားတာ။ တချို့ကို အခုအထိရှာနေတုန်း” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

တောင်ကျချောင်းရေကြောင့် လက်ရှိမှာ သေဆုံးသူတွေ ဆယ်ဦးနီးပါးအထိ ရှိလာပြီဖြစ်ပြီး မိသားစုလိုက် မျောပါသွားတာကြောင့် ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

 

တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းလာတာကြောင့် ထိခိုက်သေဆုံးရတဲ့ ကျေးရွာတွေထဲ ကုန်းစောင်းကျေးရွာက အခြေအနေပိုဆိုးတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

 

လက်ရှိမှာ မိုးဆက်လက် ရွာသွန်းနေပြီး သိမ်ကုန်းကျေးရွာအုပ်စုရှိ သိမ်ကုန်းကျေးရွာ၊ ကုန်းစောင်းကျေးရွာနဲ့ ဖနန်ကျေးရွာတို့မှာ အကူအညီတွေ လိုအပ်နေပြီး ကျေးရွာသွားလမ်းတွေ လည်း ဖြတ်သန်းလို့မရတော့တာကြောင့် ကူညီသူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Ei Kay Maung (Facebook)

 

 

Related News

Depend on news